Skip to main content

ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၃၀

၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့ တက်ရောက်၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သာသနဝေပုလ္လကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တကောဝိဒနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်၊ တိုက်အုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရပိဋကတ္တယ ပါရဂူ ဘဒ္ဒန္တ သိရီ ကဉ္စနာဘိဝံသတို့ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ ဒုတိယသမ္မတ ဦးညိုစောက အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနဝေပုလ္လကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒထံမှ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနဝေပုလ္လကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးအားလည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ် တိုက်အုပ်ဆရာတော်ကြီးအားလည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ သိရီကဉ္စနာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနား အပြီးတွင် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာမြို့ သာသနဝေပုလ္လကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။