Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ပိတောက်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဇွန် ၂၅

၂၀၂ ခုနှစ်-မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် တော်ဝင်ရတနာလမ်းအနီးတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ပိတောက်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် နှစ်စဉ်ဦးဆောင်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ ဂေဟစနစ်တည်ငြိမ်ကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေးနှင့်ပြည်သူများအကြား သစ်တောထိန်းသိမ်းရေး အသိပညာများပိုမိုနိုးကြားလာစေရေးအတွက်ရည်ရွယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အဆင့် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ယခုလ(၁၃)ရက်တွင် နေပြည်တော် ကျင်းပခဲ့ပြီး အပင်ပေါင်း (၃,၀၀၀) စိုက်ပျိုးခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အသီးသီးလည်း တစ်ပြိုင်တည်း သစ်ပင်စိုက် ပျိုးပွဲတော်များကိုကျင်းပခဲ့ရာ မူလစိုက်ပျိုးရန် လျာထားချက်ဖြစ်သည့် သစ်ပင်စိုက်ပွဲ (၇၅) နေရာ၊ အပင်ပေါင်း (၅၄,၈၁၀)ပင်ထက်ကျော်လွန်ပြီး သစ်ပင်စိုက်ပွဲ (၁၁၁) နေရာ၊ အပင်ပေါင်း (၈၀,၅၂၀) ပင်ကို ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး ဝမ်းသာစရာပင်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၁၄)မျိုး၊ အပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် Green revolution, Green energy, Green economy စသည်ဖြင့် နိုင်ငံအဝန်းစိမ်းလန်းသာယာစိုပြည်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊  ပြီးခဲ့သည့် တရုတ်နိုင်ငံခရီးစဉ် လမ်းတစ်လျှောက် ကားလမ်း၊ စက်ရုံ/အလုပ်ရုံ၊ လူနေအဆောက်အဦ၊ စိုက်ခင်းနှင့် သစ်တောသစ်ပင်များသာ တွေ့ရှိရကြောင်း။

မိမိို့နိုင်ငံသည် သစ်ပင်သစ်တောများ၊ မြစ်ချောင်းအင်းအိုင်များ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သစ်တောသယံဇာတများ သားစဉ်မြေးဆက်တိုင်အောင် ရေရှည်တည်တံ့နိုင်စေရေး အတွက် စနစ်တကျအုပ်ချုပ်လုပ်ကိုင်နိုင်ရေး ဥပဒေများနှင့်အညီ သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို ဖွဲ့စည်းဆောင်ရွက်ကြရကြောင်း၊ ယနေ့အထိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော စုစုပေါင်း ၁,၃၃၇ ခု၊ နိုင်ငံဧရိယာ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်း တည်ထောင်နိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၂ ခု၊ နိုင်ငံဧရိယာ ၆ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီးလည်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဆန်းစစ်လေ့လာချက်များအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ ၄၂ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်ဟု လေ့လာသိရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများသည်လည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး သက်ရှိများစွာကို များစွာအကျိုးပြနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း လက်ရှိနှင့်အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်တည်ငြိမ်သည့် ပတ်ဝန်းကျင်ဂေဟစနစ်များ လက်ဆင့်ကမ်းနိုင်ရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ ၅၀ ရာခိုင်နှုန်းရောက်အောင် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်တောဖုံးလွှမ်းမှုတိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံသစ်တောဖုံးလွှမ်းမှုသည်လည်း တိုးလာမည်ဖြစ်သည့်အတွက်  မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန်လည်းလိုအပ်ကြောင်း။

သို့သော်လည်း ယနေ့ကာလတွင် သစ်အလွန်အကျွံထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးထုတ်ခြင်း၊  လူဦးရေတိုးပွားလာမှုနှင့်အတူ သစ်လိုအပ်ချက်များ မြင့်မားလာခြင်း၊ စက်မှုလုပ်ငန်းများတိုးချဲ့လာခြင်းနှင့် မြို့ပြများချဲ့ထွင်လာခြင်း၊ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ်ပြောင်းလာခြင်းတို့ကြောင့် သစ်တောများပြုန်တီးလာလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ သစ်တောသယံဇာတအခြေအနေကို ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာအရ ၂၀၁၅ ကနေ ၂၀၂၅ ခုနှစ်အထိ (၁၀)စုနှစ်အတွင်း နှစ်စဉ် သစ်တောဧရိယာဧက ၁၀ ဒသမ ၁၈ သန်း ကျဆင်းခဲ့သည်ကိုသိရကြောင်း၊ အာဆီယံဒေသသစ်တောဖုံးလွှမ်းမှုသည်လည်း ဧရိယာဧက ၅၉၃ သန်းရှိသည့်အနက် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃၅ နှစ်တာကာလအတွင်း စုစုပေါင်း သစ်တောဧရိယာ ဧက ၈၈ ဒသမ ၉၆ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို လေ့လာသိရှိရကြောင်း၊ အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို ခံစားလာနေကြရခြင်းပင်ဖြစ်ကြောင်း။

နိုင်ငံတကာ ရာသီဥတုပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့ချို့ ၂၀၂၆ ခုနှစ်၊ ရာသီဥတုဘေးဖြစ်နိုင်ချေ အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားမှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေကြောင်း အထူးသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့်ကဏ္ဍအသီးသီးအပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သည့်အတွက် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း။

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် သစ်တောများနှင့်သဘာဝဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ခြင်းသည် သဘာဝအခြေပြုဖြေရှင်းနည်းများ (Nature-based Solutions) အနက် အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ သစ်တောများသည် လေထုထဲမှ ကာဗွန်ကို စုပ်ယူသိုလှောင်ပေးပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးကြောင်း၊ သစ်ပင်အရိပ်အာဝါသရှိသည့်နေရာသည် သစ်ပင်မရှိသည့် မြို့ပြနေရာများထက် အပူချိန် ၂ ဒီဂရီ ဆဲလ်ဆီးယပ်မှ ၈ ဒီဂရီ ဆဲလ်ဆီးယပ်ထိ ပိုမိုအေးမြစေကြောင်း သစ်ပင်များသည် သဘာဝအလျောက်အပူဒဏ်ကို ထိန်းသိမ်းပေးသောကြောင့် အေးမြသည့် အရိပ်အာဝါသကိုဖြစ်စေပြီး သစ်ရွက်များမှ ရေငွေ့ပြန်ခြင်းဖြစ်စဉ်သည်လည်း ပတ်ဝန်းကျင်လေထုကို အေးမြစေကြောင်း။

ယနေ့နိုင်ငံတကာတွင် "Cool Cities", "Healthy Cities", "Green Infrastructure" “Green Space” စသည့် အယူအဆ ဆောင်ရွက်ချက်များနှင့် မြို့များကို ပိုမိုနေချင်စဖွယ်ရှိပြီး ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် မြို့ များအဖြစ် ပြောင်းလဲတည်ဆောက်နေကြကြောင်း။

မိမိတို့နိုင်ငံတွင်လည်း မြို့ပြသစ်တောများ ဖွံ့ဖြိုးရေး၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ မြို့ပြပန်းခြံများတိုးချဲ့ရေး အစရှိသည့် Green Space များ တိုးမြှင့်ဖန်တီးရေးကို အထူးအလေးထားပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ နေထိုင်ချင်စဖွယ်ကောင်းသည့် မြို့များ၊ ကျန်းမာသည့် လူမှုအသိုက်အဝန်းများနှင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ်ဝန်းကျင်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အပူပိုင်းမြေလတ်ဒေသမြို့များတွင် သစ်ပင်များ စေ့နေအောင် စီမံစိုက်ပျိုးခြင်းသည် အရိပ်အာဝါသကောင်းများရရှိစေပြီး နွေရာသီတွင် အေးမြသည့်သစ်ပင်အရိပ်များ အပူရှောင် အနားယူနိုင်မည်ဖြစ်ကြောင်း။  

ပြည်ထောင်စုနယ်မြေနေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ဖော်ဆောင်လျက်ရှိရာတွင် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်ရေးကို အဓိက အလေးထားဖော်ဆောင်လျက်ရှိကြောင်း၊ အားလုံးမြင်တွေ့ကြရသည့်အတိုင်း ရာသီအလိုက် အရောင်အသွေးစုံစုံလင်လင်ဖြင့်ဖူးပွင့်သည့် သစ်ပင်ပန်းမန်များ၊ ရတနာတန်းဝင်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများကို လမ်းဘေးဝဲယာနှင့် နေရာအနှံ့စနစ်တကျစိုက်ပျိုးထားပြီး Urban Green Space များအဖြစ် ဖော် ဆောင်ထားသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ပြများတွင်လည်း အလားတူသစ်ပင်များစိုက်ပျိုးပြီး Urban Green Space များ ဖော်ဆောင်ခြင်းဖြင့် မြို့ပြစိမ်းလန်းစိုပြည်သာယာလှပပြီး ရာသီဥတုမျှတကောင်းမွန်အောင် ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။ 

အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလျက်ရှိသည့် အပူပိုင်းဒေသ (၁၃)ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်းဘေး ဝဲ/ယာများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက်ဧရိယာများနှင့် ကမ်းရိုးတန်းဒေသများ၊ မြို့တွင်းသတ်မှတ်ထားသည့် Green Area များ၊ ကျေးရွာပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းများစသည်ဖြင့် ဒီနှစ်အတွင်း စိုက်ရန်လျာထားသည့် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို အောင်မြင်အောင် စိုက်ပျိုးကြရန်လည်း လိုအပ်ကြောင်း။

သစ်ပင်စိုက်ပျိုးခြင်းအကျိုးကျေးဇူးများကို လက်ငင်းခံစားရခြင်းမျိုးမဟုတ်သော်လည်း နောင် ၇ နှစ် ၈ နှစ်ခန့်တွင် အကျိုးခံစားရမည်ဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင်လည်း တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင်ရှင်သန်ရန်လည်း အလွန် အရေးကြီးကြောင်း၊ သစ်တောများတည်ရှိနေခြင်းသည်အတိတ်ကာလ အမွေ၊ ပစ္စုပ္ပန် အကျိုးစီးပွားနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု” ဖြစ်သောကြောင့် သစ်တောများသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလွန်အရေးပါသည့်ကဏ္ဍလည်းဖြစ်ကြောင်း၊ ယခုအချိန် မိမိတို့ကိုယ်တိုင် ယခင်ကဘိုးဘွားမိဘများ စိုက်ပျိုးထိန်းသိမ်းခဲ့မှုများကြောင့် သစ်ကြီးဝါးကြီးများ အရိပ်အာဝါသကို ခံစားရပြီဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့လာမည့်သားစဉ်မြေးဆက်ကိုလည်း ကောင်းကျိုးခံစားရစေလိုသည့်စိတ်ဖြင့် စိုက်ပျိုးသည့်အပင်များအားလုံးရှင်သန်စေရေးအတွက် စနစ်တကျ ဆက်လက်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စေတနာထားပြီး ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားလိုကြောင်း။

သစ်တောသစ်ပင်များသည် နိုင်ငံအတွက်    သစ်တောထွက်ပစ္စည်းအမျိုးမျိုးနှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိသောကြောင့် သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”  ဟူသည့် မူဝါဒကို အလေးထားလိုက်နာပြီး နိုင်ငံအဝန်းမြို့ပြများနှင့် ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီး စိမ်းလန်းစိုပြည်သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်း လန်းစိုပြည်သည့် သစ်တောမြေယာရှုခင်း Landscape များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောကဏ္ဍကို အခြေခံသည့် အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ပေးကြရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပိတောက်ပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်း တပျော်တပါးစိုက်ပျိုးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ၂၀၂ ခုနှစ် - ိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား  တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂ ခုနှစ် - မိုးရာသီ နိုင်ငံတော်အဆင့် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် ပန်းပွင့်သောသစ်မျိုးများဖြစ်ကြသည့် ကံ့ကော်၊ ခရေ၊ ပန်းမဲဇလီ၊ စိန်ပန်း၊ ပျဉ်းမ၊ ပိတောက်၊ ရင်းမာရတနာတန်းဝင် သစ်မျိုးများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်သည့် ဆီသပြေ၊ ယမနေ၊ ရေတမာစသည့် သစ်မျိုးစုစုပေါင်း(၁၄)မျိုး၊ အပင်ပေါင်း ၃,၀၀၀ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။