Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယင်ကျန်းမြို့ရှိ ထက်လွမ်စေတီတော်သို့ သွားရောက်ဖူးမြော်

နေပြည်တော် ဇူလိုင် ၄

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထက်လွမ်စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ထက်လွမ်ဘုရားသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လာအိုရိုးရာ၊ အတီးအမှုတ်များဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ထက်လွမ်စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့်ပန်းမန်များ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။

၎င်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီး၊ စောင်းတန်းအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီတော်ကြီး စတင် တည်ထားစဉ်အချိန်မှ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့မှုမှတ်တမ်း ပန်းချီများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးရှေ့၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ထက်လွမ်စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ထပ်လွမ်ဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမသို့ ရောက်ရှိကြပြီး ခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံသံဃရာဇာ ဆရာတော် Maha Ahjan Yai Mahaved Menenai နှင့် လာအိုနိုင်ငံမှ သက်တော် (၁၀၆)နှစ်ရှိ သက်တော်ရှည်ဆရာတော်  Most Ven. Noi Sangvalo တို့အား ဖူးမြော်ကြည်ကြိုကြပြီး ပိဋကတ်သုံးပုံစာအုပ်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ထပ်လွမ်ဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမ၌ အပူဇော်ခံထားရှိရန်အတွက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် မာရဝိဇယဘုရားကြီး၏ တည်ဆောက်ခဲ့မှုမှတ်တမ်းစာအုပ်အား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါထက်လွမ်စေတီတော်အား ၁၃ ရာစုအစောပိုင်းတွင် King Jayavamon VI က ဦးဆောင်၍ စေတီတော်တည်ထားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်ပြည်တွင် ပညာသင်ယူ၍ ပြန်လည်ရောက်ရှိလာသည့် သံဃာတော် ၅ ပါးမှ ဗုဒ္ဓ၏ ညှပ်ရိုးတော်အောက်ပိုင်းကို ကိုးကွယ်ပူဇော်ရန်ပင့်ဆောင်လာခဲ့ပြီး ဌာပနာအဖြစ်ထားရှိကာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ မူလစေတီတော်မှာ လိုဏ်ဂူပုံစံဖြစ်သော်လည်း ခရစ်နှစ် ၁၅၆၀ ခုနှစ်တွင် စိုင်ဆက်ထာထီလတ်ဘုရင်သည် လွန်ပရာဘန်မြို့မှ ဗီယင်ကျန်းမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမစေတီတော်အားငုံ၍ စေတီထပ်မံတည်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ လာအိုဘာသာဖြင့် ထက်လွမ်စေတီ(That Luang Stupa) ဟုခေါ်ဆိုပြီး “အဓိပ္ပါယ်မှာ ကြီးများသောစေတီတော်” ဟူ၍ဖြစ်ကြောင်း၊ လာအိုဘုရင်အဆက်ဆက် ကိုးကွယ်ကာ သမိုင်းအစဉ်အလာကြီးမားသည့်စေတီတော်ကြီးဖြစ်ကြောင်း၊ လာအိုနိုင်ငံ ၏ နိုင်ငံတော်တံဆိပ်တွင် ထက်လွမ်စေတီတော်၏ ပုံတော်ကို ထည့်သွင်းထားရှိသည်ကို တွေ့ရှိရကြောင်း၊ ထက်လွမ်ဘုရားပွဲတော်အား နှစ်စဉ် လာအိုဘာသာဖြင့် ဖကျိလ၊ လပြည့်နေ့(မြန်မာတန်ဆောင်မုန်းလပြည့်နေ့)တွင် ကျင်းပပြုလုပ်ပြီး တစ်နိုင်ငံလုံးမှ  ဘုရားဖူးပြည်သူများနှင့် စည်ကားများပြားကြောင်း သိရှိရသည်။