Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် ဇူလိုင်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့် ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုသည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပြီး ရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်ပူဇော်သည်။ ယင်းနောက် အခမ်းအနားကိုနမော တဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက ဒေဝနိမန္တန စာတမ်းကိုဖတ်ကြား၍ နတ်ဗြဟ္မာများအား ပင့်ဖိတ်သည်။

ထို့နောက် ဥပါသကာများက ရွှေကြာသင်္ကန်းတော်ကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ငြမ်းထက်သို့ ပင့်ဆောင်ကြပြီး ဧည့်ပရိသတ်အပေါင်းတို့က သရဏဂုံသုံးပါး ပါဠိနှင့် မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာရွတ်ဆိုပူဇော်၍ မေတ္တာဘာဝနာများ ပွားများတော်မူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့်အဖွဲ့ဝင်များအား အောင်အိုးကိုင် ဥပါသကာက ငြမ်းထက်သို့ ကြိုဆိုဖိတ်မံပြီး နိုင်ငံတော်သမ္မတသည် မာရဝိဇယရုပ်ပွား တော်မြတ်ကြီးထံသို့ ရွှေကြာသင်္ကန်းတော်ကို သာဟတ္ထိကဒါနမြောက် လက်တော် အရောက် ကပ်လှူပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး အမှူးပြုသည့် ဧည့်ပရိသတ်အပေါင်းတို့သည် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနှင့် ၃၁ ဘုံသားတို့အား မေတ္တာပို့ ကုသိုလ်အမျှပေးဝေငှပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးအား (၉) ချက် ထိုးခတ်ပူဇော်၍ မေတ္တာပို့ ကုသိုလ်အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။