ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် ပဲမျိုးများ၊ နေကြာမျိုးများနှင့်သီးနှံမျိုးများအား မျိုးစေ့များအလိုက် သုတေသနပြုထုတ်လုပ်လျက်ရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဈေးကွက်ဝင်အရည်အသွေးရှိသည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ်တို့ အပါအဝင် ပဲအမျိုးမျိုးကိုတင်ပို့ရောင်းချရလျက်ရှိကြောင်း၊ ဈေးကွက်ရရှိမှုပိုမိုခိုင်မြဲစေရေးအတွက် ပဲများ၏ အရည်အသွေးထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်လာအောင် စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲမျိုးစုံသီးနှံများသည် ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့ဖြင့်ဝင်ငွေရရှိပြီး စီးပွားရေးအရအရေးပါသည့် သီးနှံများဖြစ်သည့်အတွက် ဒေသနှင့်သင့်တော်ကိုက်ညီသည့် အထွက်ကောင်းမျိုး၊ ရောဂါဒဏ်ခံနိုင်သောမျိုး၊ ဈေးကွက်ရရှိသည့်မျိုးများကို စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။
လက်ရှိ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသော ပဲမျိုးစုံတို့အနေဖြင့် အရည်အသွေးအားဖြင့် ကောင်းမွန်မှုရှိသော်လည်း အခြားနိုင်ငံများမှ ပဲများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လိုအပ်ချက်ရှိနေသည်ဟု သိရှိရကြောင်း၊ ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင်အဆင်း၊ အရသာစသည့် သုံးမျိုးစလုံး ကောင်းမွန်နေရန်လိုကြောင်း၊ ဒေသအလိုက် ရေမြေသဘာဝတူညီမှုရှိမည်မဟုတ်သဖြင့် အရွယ်အစား၊ အရောင်အဆင်း၊ အရသာများလည်း ကွဲပြားခြားနားမှုရှိနိုင်မည်ဖြစ်သောကြောင့် ဒေသအလိုက် ကိုက်ညီသည့် သီးနှံမျိုးစေ့များကို စနစ်တကျဖြင့် သုတေသနပြုထုတ်လုပ်သွားရန်လိုကြောင်း၊ နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့များကိုလည်း ဆက်လက်တိုးချဲ့ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ စိုက်ဧကတိုးချဲ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် မျိုးစေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်တွင်း၌သာ စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်သွားကြရန်လိုကြောင်း၊ သီးနှံစိုက်ဧကအများအပြားရှိသော်လည်း အထွက်နှုန်းလျော့နည်းလျက်ရှိသည့်ဒေသများသို့ သုတေသနအဖွဲ့များစေလွှတ်၍ အချိန်ယူ သုတေသနပြု အဖြေရှာဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ သီးနှံများအား ပြည်ပသို့တင်ပို့ရောင်းချရာတွင် အမြတ်နည်းနည်းနှင့် အရေအတွက်များများ ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments