လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချအလေးပြု
နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချ၍ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အညတရသူရဲကောင်းစစ်သည်ဗိမာန်သို့ ရောက်ရှိကြရာ လာအိုနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဂုဏ်ပြုပန်းခွေကိုင်အရာရှိနှစ်ဦးနှင့်အတူ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် လွမ်းသူပန်းခွေချမည့်နေရာသို့ ချီတက်နေရာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် လာအိုပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းအဖွဲ့၏ တီးမှုတ်မှုနှင့်အတူ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ ဂုဏ်ပြုပန်းခွေချအလေးပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လာအိုနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
- Log in to post comments