Skip to main content

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် ဇွန် ၃၀

နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဘက်စုံသုံးခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် (၁၀၀) စီမံချက်အတွင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက နိုင်ငံတော်သမ္မတကြီးနှင့်အဖွဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်ရသည့် ပထမအကြောင်းရင်းမှာ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ကြောင်ကြီးမျိုးနွယ်ဝင်များ ထိန်းသိမ်းစောင့်ရှောက်ရေးဖိုရမ်သို့ သွားရောက်ရန် စီစဉ်ခဲ့ပါကြောင်း၊ သို့သော်လည်း အာဖရိကနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် အီဘိုလာရောဂါကြောင့် ယင်းနိုင်ငံများမှ ခေါင်းဆောင်များ မလာရောက်နိုင်တော့သဖြင့် အဆိုပါဖိုရမ်ကို ရွှေ့ဆိုင်းလိုက်ပါကြောင်း၊ သို့သော်လည်း အိန္ဒိယသမ္မတကြီးက မြန်မာနိုင်ငံသမ္မတကြီးအားချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ခေါ်သည့်အတွက်သွားရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ချစ်ကြည်ရေးခရီးစဉ်ကို မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ ၅ ရက်ကြာ သွားရောက်ခဲ့ပါကြောင်း၊ ၅ ရက်တာကာလအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၊ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ဒေလီမြို့တွင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံပြီးနောက် မွမ်ဘိုင်းမြို့သို့လည်း သွားရောက်ခဲ့ပါကြောင်း၊ ယင်းခရီးစဉ်တွင် ပညာရေးပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် IT နည်းပညာများ၊ ပညာရေးပိုင်းဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံကြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတည်ဆောက်ရေး၊ ဆေးဝါးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံ လာရောက်တည်ဆောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် နည်းပညာနှင့် ပတ်သက်ပြီး ရှေ့တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် သတင်းအချက်အလက် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်ဖက်နယ်စပ်ဒေသ မတည်ငြိမ်မှုများရှိနေသည့်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ အတားအဆီးအနှောင့်အယှက် အဟန့်အတားဖြစ်နေသည့် အကြောင်းရင်းများနှင့် စပ်လျဉ်း၍ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း။

ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကိစ္စရပ်များကို နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းထုတ်ပြန်ချက်တွင် အဓိကအားဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း အပြီးသတ်ရန် ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းကိစ္စအပေါ် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အားလုံးက အလေးထားပြီး ဆွေးနွေးခဲ့ပါကြောင်း၊ နောက်တစ်ခုမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အမြန်ဆုံး အပြီးသတ် အကောင်အထည်ဖော်နိုင်ရေးကိုလည်း အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အားလုံးက အလေးနက်ထား ပြောကြားခဲ့ပါကြောင်း။

ပညာရေးနှင့်ပတ်သက်ပြီး မဲခေါင်-ဂင်္ဂါပညာသင်ဆုကို မိမိတို့နိုင်ငံအနေဖြင့် ပုံမှန်အားဖြင့် ၃၆ ဆုသာရရှိပါကြောင်း၊ ယခုနှစ်မှစတင်ပြီး ၁၀၀ အထိ တိုးမြှင့်ပေးရန် ပြောကြားခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်က စတင်ခဲ့သည့် ရူပီးနှင့်ကျပ် ငွေပေးချေရေးကိစ္စ၊ ထိရောက်စွာ အကောင်အထည်မဖော်နိုင်သည့်ကိစ္စကို ယခုအချိန်မှစတင်ပြီး အကောင်အထည်ဖော်ရန် ရူပီးနှင့်ကျပ် ငွေပေးချေသည့်စနစ်များ အဆင်ပြေစေရန် အိန္ဒိယနိုင်ငံ Reserve Bank of India ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် သဘောတူညီမှုများ ရရှိခဲ့ပါကြောင်း။

နယူးဒေလီမြို့၌ ပြုလုပ်သည့်ဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် စိတ်ပူသည့်ကဏ္ဍများကို မေးမြန်းခဲ့ပါကြောင်း၊ လုံခြုံရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုတွင် အကျိုးအမြတ်ကိစ္စများ မေးမြန်းခဲ့ပါကြောင်း၊ ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်ပြီး မေးမြန်းသည့် မေးခွန်းများကို သေသေချာချာ ဖြေကြားပေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ပါက ဝန်းကျင်ကောင်းတစ်ခုကို ရင်းနှီးမြှုပ်နှံမှုများအတွက် ဖန်တီးပေးမည်ဆိုသည်ကိုလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဖြေကြားပေးခဲ့ပါကြောင်း၊ မွမ်ဘိုင်းတွင်လည်း မိမိတို့ဘက်က UMFCCI အဖွဲ့များနှင့် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပြီး သဘောတူညီမှုများ ရရှိခဲ့ပါကြောင်း၊ တချို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခြေအနေပေးပါက ဆောင်ရွက်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုငွေပမာဏကိုပင် ပြောကြားခဲ့ပါကြောင်း။ 

လေ့လာရေးခရီးစဉ်တွင် အိန္ဒိယနိုင်ငံ MPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် စွမ်းအင် ကုမ္ပဏီကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ ယင်းစက်ရုံတွင် ခေတ်ရှေ့ပြေးနေသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးမျိုး ထုတ်လုပ်နိုင်သည့်စနစ်များကို Research center သဘောမျိုးပြုလုပ်သည့် နေရာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အကျိုးသက်ရောက်စေမည့် အနေအထားများကိုများစွာ တွေ့ရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ ရှေ့ဆက်ပြီးပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန်ကိုလည်း ကမ်းလှမ်းခဲ့မှုများရှိပါကြောင်း။ 

ထို့ပြင် ဂျဝါဟာလာနေရူးဆိပ်ကမ်းကိုလည်း သွားရောက်လေ့လာခဲ့ပါကြောင်း၊ ရေကြောင်းအရ မိမိတို့နိုင်ငံအနောက်ပိုင်းနှင့် ချိတ်ဆက်မည့် အနေအထားများကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ ယခုဆိုလျှင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ၊ သန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် အင်အားကြီးနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့သော နိုင်ငံကြီးက မိမိတို့နိုင်ငံ၏ သမ္မတကြီးကို နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ခရီးစဉ်တစ်လျှောက်လုံး ဂရုတစိုက်ရှိခဲ့မှုသည် သံတမန်ရေးအရ၊ နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ပါကြောင်း။

စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးအတွက် သဘောတူညီချက်များ များစွာရရှိခဲ့ပါကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အချုပ်အခြာအာဏာကို လုံးဝမထိပါးစေဘဲ အိန္ဒိယနိုင်ငံကို ထိပါးစေမည့်ကိစ္စများ မြန်မာ့မြေပေါ်တွင် မဖြစ်ပေါ်စေရေး၊ မြန်မာနိုင်ငံကိုထိပါးမည့်ကိစ္စများ အိန္ဒိယမြေပေါ်တွင် မဖြစ်ပေါ်စေရေးကို အလေးထားဆွေးနွေးခဲ့ပါကြောင်း၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူ ပို့ဆောင်ရေးစီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ရေး ဆောင်ရွက်သွားနိုင်ရန်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့် သဘောတူညီမှုရရှိခဲ့ပါကြောင်း။

တရုတ်နိုင်ငံ ခရီးစဉ်မှာ တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက် State Visit (နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်) အနေဖြင့် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ရက်နေ့အထိ ၅ ရက်ကြာ သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်တွင် သမ္မတကြီးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာလီချန်း၊ တရုတ်အမျိုးသားကွန်ဂရက် (NPC)ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိတို့နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ရှန်ဟိုင်းတွင်လည်း ရှန်ဟိုင်းအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ အလားတူသက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း။

သမ္မတကြီး၏ ခရီးစဉ်သည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည့်အတွက် နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသမ္မတကြီးအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း တရုတ်-မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အလေးထားပြီး ဆွေးနွေးခဲ့ပါကြောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ နယ်စပ်ဒေသအမြန်ဆုံးတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကောင်းမွန်ရေး ဆွေးနွေးခဲ့ကြပြီး စီးပွားရေးနှင့်ပတ်သက်၍လည်း နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါကြောင်း၊ Belt and Road Initiative(BRI) နှင့် မိမိတို့နိုင်ငံထဲတွင် ဆောင်ရွက်မည့် CMEC စီမံကိန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေး၊ လုံခြုံရေး အခြေအနေအကြောင်းကြောင်းကြောင့် ရပ်ဆိုင်းထားသည့်လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ပြီး အဆိုပါစီမံကိန်းများ အပြီးသတ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်မှာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝ ထောက်ခံပါကြောင်းဆိုသည်ကို ထပ်လောင်းအတည်ပြုခဲ့ပါကြောင်း။

တရုတ်နိုင်ငံအနေဖြင့် အာမခံချက်ပေးသည်မှာ မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း၊ ရွေးကောက်ပွဲကိုလည်း ကြိုဆိုသည့်အပြင် တက်လာသည့် အစိုးရကိုလည်း ကြိုဆိုကြောင်း၊ ထောက်ခံကြောင်း၊ လက်ရှိမိမိတို့အစိုးရက ဆောင်ရွက်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ထောက်ခံကြောင်း၊ ရှေ့ဆက်ပြီးလည်း အပြည့်အဝထောက်ခံအားပေးသွားမည်ကို အခိုင်အမာ ပြောခဲ့ပါကြောင်း၊ အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာ ဖြစ်ပါကြောင်း။

ငါးရက်တာ ကာလအတွင်း G to G (Govern-ment-to-Government) MoU ၁၈ ခု ရေးထိုးနိုင်ခဲ့ပြီး ယင်းတွင် ကဏ္ဍစုံပါဝင်ပါကြောင်း၊ သွားရောက်သည့် ရည်ရွယ်ချက်တွင်ပါဝင်သော အကြောင်းအရာများအားလုံးကို ပေါက်မြောက်အောင်လည်း ယခုခရီးစဉ်တွင် MoU များ ထိုးနိုင်ခဲ့ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန် ရေးအတွက်လည်း ပါဝင်ပါကြောင်း၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ သတင်းမီဒီယာအပိုင်းနှင့် မိမိနိုင်ငံ၏ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် Training များ၊ မိမိနိုင်ငံတွင် လာရောက်၍ ဖလှယ်မည့် နည်းပညာများ၊ လုပ်ငန်းစဉ်များ၊ ချစ်ကြည်ရေးလုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် အာကာသအစီအစဉ် ဖြစ်ပါကြောင်း၊ ယင်းအာကာသ အစီအစဉ်နှင့်ပတ်သက်၍ ပညာတော်သင်များစေလွှတ်ပြီး ပညာရပ်များကို လေ့လာရန် ဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်-မြန်မာပညာရှင်များပူးပေါင်းပြီး စိုက်ပျိုးရေး၊ မိုးလေဝသ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ဂြိုဟ်တုတစ်လုံး လွှတ်တင်ရန်နှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပါကြောင်း။

GSI, GDI, GCI, GGI လေးချက်ကိုလည်း တရုတ်နိုင်ငံက Initiative, Global Initiative စတင်ပြီး ဆောင်ရွက်နေသည့် ယင်းလုပ်ငန်းစဉ်များတွင် MoU ထိုးခဲ့ပါကြောင်း၊ တရုတ်သည် ကျန်နိုင်ငံများ အားလုံးနှင့် လေးခုစလုံးတွင် MoU ထိုးခြင်းမျိုးမရှိပါကြောင်း၊ အချို့နိုင်ငံများက နှစ်ခု သို့မဟုတ် တစ်ခုသာရေးထိုးပါကြောင်း၊ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် Global Initiative လေးခုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုသည့် အနေအထားမျိုးကို ပြသနိုင်ခဲ့ပါကြောင်း။ 

တရုတ်နိုင်ငံသည် စက်မှုနည်းပညာနှင့် AI မည်မျှ တိုးတက်သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ လာရောက်သည့် အာဆီယံခေါင်းဆောင်များထဲတွင် မြန်မာနိုင်ငံ သမ္မတကြီးက ပထမဆုံးဖြစ်သည်ဟု သိရပါကြောင်း၊ မိမိတို့နိုင်ငံထဲတွင်လည်း ရထားလမ်းများ ဖောက်လုပ်မည်ဖြစ်သည့်အတွက် CRCC (ရထားလမ်းဆောက်လုပ်ရေး)ကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ တရုတ်မှ မြန်မာကျောက်ဖြူ အထိသွားမည့် ရထားလမ်းအပြင် ပြည်တွင်းတွင် တခြားရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ပါကြောင်း၊ ရှန်ဟိုင်းရှိ Lingang Special Area တွင်လည်း မြို့ပြဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မည်သို့ ဆောင်ရွက်မည်ကို အသေးစိတ်လေ့လာခဲ့ပါကြောင်း၊ Leapmotor လျှပ်စစ် EV ကားစက်ရုံကို လည်း သွားရောက်လေ့လာခဲ့ပါကြောင်း၊ ဝါးပင်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် သွားရောက်လေ့လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် စက်ရုံလာရောက် တည်ထောင်ပြီး ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များ ရရှိခဲ့ပါကြောင်း။

Unitree Robotics (စက်ရုပ်နည်းပညာ)ဖွံ့ဖြိုး တိုးတက်မှုများကို လေ့လာခဲ့ပြီး အသုံးပြုမည့်နေရာ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊ မိမိနိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေး ဆွေးနွေးဆဲဖြစ်ပြီး မကြာခင် အကောင်အထည်ဖော်လာနိုင်မည့် အခြေအနေရှိပါကြောင်း၊ ရှန်ဟိုင်းမြို့တွင် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံ (Shanghai Summit)သို့ တရုတ်ဘက်မှ စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ကျော်နှင့် မြန်မာဘက်မှ ၂၀၀ ကျော် စုစုပေါင်း ၆၀၀ကျော် တက်ရောက်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၏ State-owned Enterprise ကြီးများ၊ Belt and Road Initiative (BRI) တွင် ပါဝင်နေသော ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြကြောင်း၊ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်း ကျင်ကောင်းများဖန်တီးပေးမည်ကို ရှင်းလင်းပြောကြားပြီး ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ယင်း Summit တွင် ပြခန်းပေါင်း ၃၅ ခု ပြသခဲ့ပြီး မြန်မာနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအကြား B2B MoU ပေါင်း ၇၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရန် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါကြောင်း။

ခရီးစဉ်များနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အနေဖြင့် အိန္ဒိယသည် ကမ္ဘာ့လူဦးရေအများဆုံး သန်း ၁၄၀၀ ကျော်ရှိပြီး တရုတ်သည် လူဦးရေသန်း ၁၄၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ အင်အားကြီးနိုင်ငံများ ဖြစ်ပါကြောင်း၊ နိုင်ငံကြီးများနှင့် ဆက်ဆံနိုင်ခြင်းသည် နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးနှင့် နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်းကိုလည်း ဆွေးနွေးခဲ့သည့်နေရာတိုင်းတွင် နိုင်ငံ့ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ အဓိကဆွေးနွေးကြပါကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်လည်း ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ MoU၊ B to B ၊ G to G ရေးထိုးနိုင်ခြင်းသည် မိမိတို့နိုင်ငံအတွက် လူဦးရေသန်း ၁၀၀၀ ကျော်ရှိသည့် ဈေးကွက်ကြီး ပွင့်သွားပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။ 

သတ္တုတွင်း၊ ဒီဂျစ်တယ်၊ AI ၊ လျှပ်စစ်နှင့် ပြည့်ဖြိုးမြဲစွမ်းအင်၊ ရထားလမ်းဖောက်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီမှုများရရှိခဲ့ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များလည်း တိုးမြှင့်သွားရန် သဘောတူညီမှုများရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ခရီးစဉ်နှစ်ခုကို သုံးသပ်ကြည့်မည်ဆိုပါက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက်သည့် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့သကဲ့သို့ ရလဒ်များသည်လည်း အားရကျေနပ်ဖွယ်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရသစ်၏ အစကောင်း၊ အဖွင့်ကောင်းဖြစ်သည်ဟု ခရီးစဉ်နှစ်ခုအပေါ် သုံးသပ်၍ရပါကြောင်း။ 

အစိုးရသစ် ရက် (၁၀၀) စီမံကိန်း (100-Day Plan) တိုးတက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအားလုံးသည် ရက်(၁၀၀)စီမံချက်တွင် ဆောင်ရွက်မည့်လုပ်ငန်းများကို ပြင်ဆင်ခဲ့ပါကြောင်း၊ ရက် (၁၀၀) စီမံချက်တွင် တချို့ကလုပ်ငန်းကြီးများ ဖြစ်သည့်အတွက် တစ်ခု၊ နှစ်ခုရှိပြီးတချို့မှာ ဆောင်ရွက်မည့် လုပ်ငန်းအသေးများရှိပါကြောင်း၊ စီမံချက်အရေအတွက်နှင့် ပြီးစီးမှုရာခိုင်နှုန်းကို ဖော်ပြထားပါကြောင်း၊ ယင်းဆောင်ရွက်မှုအခြေအနေများ အသေးစိတ်အချက်အလက်များရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမည့် စီမံကိန်းအရေအတွက်နှင့် ပြီးစီးမှုရာခိုင်နှုန်းများမှာ ယေဘုယျအားဖြင့် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါကြောင်း၊ အချို့ကဏ္ဍများတွင် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး ဥပမာအားဖြင့် ပို့ဆောင်ရေးတွင် ၉၃ ရာခိုင်နှုန်း၊ ပြည်ထဲရေးတွင် ၁၀၀ ရာခိုင်နှုန်း၊ သိပ္ပံနှင့်နည်းပညာ၊ ဥပဒေရေးရာတို့တွင် ၉၈ ရာခိုင်နှုန်းအထိ ပြီးစီးမှုများရှိနေပါကြောင်း၊ တချို့ကဏ္ဍများလည်း အကောင်အထည်ဖော်ဆဲ အနေအထားမျိုးတွေ့ရှိရပါကြောင်း။

နိုင်ငံတော်သမ္မတကြီး အစည်းအဝေးတိုင်းတွင် တစိုက်မတ်မတ် ပြောကြားသည့်ကိစ္စသည် ပညာရေးကဏ္ဍဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေအထားသည် ပညာရေးအားနည်းသည့်အတွက် မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ ပညာရေးမြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနကလည်း ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်ရန် အရေးကြီးပါကြောင်း၊ လွန်ခဲ့သော ၅ နှစ်တာအတွင်း မတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ကျောင်းများပိတ်ထားခဲ့ရသဖြင့် ကျောင်းများ အမြန်ပြန်ဖွင့်နိုင်ရန်၊ ဆရာ/ ဆရာမများရရှိရန်နှင့် ကျောင်းသားများ ကျောင်းတက်နိုင်မည့်ပတ်ဝန်းကျင်ဖန်တီးရန် အစိုးရက ကြိုးပမ်းနေပါကြောင်း။

မေလ ၂၅ ရက်မှ မေလ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအပ်နှံနိုင်သေးသူများအတွက် ကျောင်းအပ်လက်ခံမှုကို ဩဂုတ် လ ၃၁ ရက်နေ့အထိ (၃ လသက်တမ်း) တိုးမြှင့်ပေးထားပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် (ဇွန်လ ၂၉ ရက်နေ့အထိ စာရင်းအရ)ကျောင်းသားဦးရေ ၇ ဒသမ ၂၇၅ သန်းရှိပြီး ကိန်းဂဏန်းသည် ဆက်လက်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခင် နှစ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ၇ ဒသမ ၂၅၃ သန်းရှိခဲ့သဖြင့် ယခုနှစ်တွင် ကျောင်းသားဦးရေ ပိုမိုတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ ကျောင်းအပ်နှံပြီးသူများအနက် လက်ရှိအမှန်တကယ် ကျောင်းတက်ရောက်မှုနှုန်းမှာ ၉၈ ဒသမ ၆၅ ရာခိုင်နှုန်း ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၅၁၀၀၀ ကျော်ရှိသည့်အနက် ကျောင်းပေါင်း ၃၅၀၀၀ ကျော် ဖွင့်လှစ်နိုင်ပါကြောင်း၊ ကျန်သည့် ၃၀ ရာခိုင်နှုန်းကိုလည်း ဆက်လက် ဖွင့်လှစ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ သုံး/လေး နှစ်တာကာလအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည့်အတွက် ကျောင်းများ ပိတ်ခဲ့ရပါကြောင်း၊ လုံခြုံရေး အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ကျောင်းမသွားနိုင်ကြပါကြောင်း၊ သို့သော်လည်း ကလေးများသည် အသက်ကြီးလာပြီး အတန်းငယ်နေကြပါကြောင်း၊ ယင်းကလေးများ သည် Self Study သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ပညာရေးကို မြှင့်တင်နေသည့် ကလေးများ ရှိပါကြောင်း၊ ယင်းကလေးများ၏ အသက်အရွယ်နှင့် အတန်းများသည် အခြေအနေအကြောင်းကြောင်းကြောင့် မကိုက်ညီသည့် အနေအထားမျိုးဖြစ်နေပါကြောင်း၊ ထို့ကြောင့် Placement Test ကို ဆောင်ရွက်ပြီး အဆင့်နှင့်ကိုက်ညီသည့် အတန်းကိုဝင်ရောက် ဖြေဆိုရန်ဖြစ်ပါကြောင်း၊ သို့သော် အထက်တန်း သည် ပြင်ပဖြေဖြင့်ဝင်ရောက်ဖြေဆို၍ရသဖြင့် မူလတန်းနှင့် အလယ်တန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်သိန်းခြောက်သောင်းကျော် စာရင်းသွင်းပြီး တစ်သိန်းလေးသောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပါကြောင်း၊ မနက်ဖြန် အောင်စာရင်းထွက်မည် ဖြစ်ပါကြောင်း။ 

ထို့ပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံကျောင်းများ ကျောင်းသား ကျောင်းသူအရေအတွက် ၇၃ ရာခိုင်နှုန်း ကျောင်းတက်သည်ကို တွေ့ရပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ စုစုပေါင်း ၂၂၃ ကျောင်း တွင် ၂၁၆ ကျောင်း ဖွင့်လှစ်နိုင်ပါကြောင်း၊ တွဲဖက် ဖွင့်ထားသည့် ကျောင်း ၁၃ ကျောင်းရှိပါကြောင်း၊ လုံးဝ မဖွင့်လှစ်နိုင်သည့်ကျောင်း ခုနစ်ကျောင်းသာ ရှိပါကြောင်း၊ ဇွန်လ ၂၉ ရက်က ထုတ်ပြန်သွားသည့် Grade 12 (၁၂)တန်း အောင်စာရင်းဖြစ်ပါကြောင်း၊ ဖြေဆိုသူ နှစ်သိန်းငါးသောင်းငါးထောင်ရှိပြီး အောင်မြင်သည့် ဦးရေတစ်သိန်းသုံးသောင်း သုံးထောင်ကျော်ဖြစ်သည့်အတွက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း အောင်မြင်ပါကြောင်း၊ ယခင်နှစ်များထက် ရာခိုင်နှုန်းတိုးတက်လာသည်ကို တွေ့ရပါကြောင်း။

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) အတွင်း ပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ မြန်မာ့မီးရထား DEMU ရထားဖြစ်ပါကြောင်း၊ DEMU ရထားသည် သန့်ရှင်းပြီး Aircon များပါဝင်ကာ အချိန်အားဖြင့် တိကျပါကြောင်း၊ ယခုနောက်ပိုင်းတွင် ထပ်မံ၍ မန္တလေး-ရန်ကုန် တိုးချဲ့ပြီး ပြေးဆွဲနေပြီဖြစ်ပါကြောင်း၊ ယင်းရထား၏ အားသာချက်သည် ငွေကျပ်နှစ်သောင်းကျော်သာပေးရပြီး ရန်ကုန်မြို့ လယ်ကောင်၊ မန္တလေးမြို့လယ်ကောင် ရောက်သွားပါကြောင်း၊ စရိတ်စကများလည်း များစွာသက်သာပြီး သွားရေးလာရေးတွင်လည်း သက်သောင့်သက်သာရှိပါကြောင်း၊ မနက်ဖြန်ဆိုလျှင် ရန်ကုန်-မော်လမြိုင်- ရန်ကုန်နေ့ချင်းပြန် စတင်ပြေးဆွဲမည်ဖြစ်ပါကြောင်း၊ စီမံချက်ထဲတွင် အောင်မြင်သည့် လုပ်ငန်းစဉ်တစ်ခုဟု ပြော၍ရပါကြောင်း၊ နေပြည်တော်-ရန်ကုန် တိုးချဲ့ရန် ဆောင်ရွက်နေပါကြောင်း။

နိုင်ငံတော်သမ္မတရုံး သတင်းနှင့်ပြန်ကြားရေးဗျူရိုကို PPIB ဟု ခေါ်ပါကြောင်း၊ ယင်းကို မိတ်ဆက်ရသည့် ရည်ရွယ်ချက်နှစ်ခုရှိပါကြောင်း၊ ပထမတစ်ခုမှာ Website ထဲတွင် သတင်းမှန်များဖော်ပြပေးလျက်ရှိပါကြောင်း၊ PPIB နှင့်ပတ်သက်၍ Website၊ Telegram၊ YouTube၊ TikTok တို့ရှိပါကြောင်း၊ လေးခုစလုံးစတင်လည်ပတ်နေပြီဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရယူနိုင်ပါကြောင်း၊ ည ၆ နာရီ၊ ၇ နာရီ၊ ၈ နာရီ သတင်းအထိ စောင့်စရာမလိုဘဲ ခရီးစဉ်နှင့် ပတ်သက်ပါကလည်း ဆောင်ရွက်နေစဉ် ကာလအတွင်း သတင်းများကို တင်ဆက်ပေးနေပါကြောင်း။ 

မိမိအနေဖြင့် မေးမြန်းလာသည့် မေးခွန်းများကို မြန်မြန်ဖြေနိုင်သည့်ကိစ္စဖြစ်ပါက ချက်ချင်းဖြေပေးမည်ဖြစ်ပြီး အချက်အလက်စုဆောင်းရမည့်ကိစ္စဆိုပါက အချက်အလက်စုဆောင်းပြီး ပြန်လည် ဖြေကြားပေးမည်ဖြစ်ပါကြောင်း။ 

သတင်းထုတ်ပြန်ရေးနှင့်ပတ်သက်၍ နှစ်ဖွဲ့ရှိပါကြောင်း၊ တစ်ဖွဲ့မှာ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ ဖြစ်ပါကြောင်း၊ သမ္မတကြီး၏ မူဝါဒ၊ နိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စီမံကိန်းများ၊ နိုင်ငံတော်အဆင့်ကိစ္စရပ်များ သိရှိလိုပါက မိမိအား ဆက်သွယ်ပြီး မေးမြန်းနိုင်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များနှင့် အခြားသိလိုသည့် အကြောင်းအရာများကို သိရှိလိုပါက ပြည်ထောင်စုအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ရှိပြီး ယင်းအဖွဲ့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်တွင်း/ ပြည်ပသတင်းဌာနများမှ မေးမြန်းသည့် မေးခွန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

နေပြည်တော် မှုခင်းနှင့် သတင်းစုံဂျာနယ်မှ ဦးမင်းမောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း တွေ့ရှိထားသော ကမ္ဘာတွင် ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကြီးကို မည်သည့်အချိန်တွင် မည်သည့်နိုင်ငံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် သတင်းစာများ၌လည်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လေ့လာဆဲဖြစ်ပြီး မည်သူနှင့်ဆောင်ရွက်မည်ကို မသိရသေးကြောင်း၊ ရှာဖွေတွေ့ရှိပြီး Test လုပ်နေသည့် အဆင့်သာ ရှိသေးကြောင်း၊ ဘယ်လောက်ထွက်ရှိနိုင်မည်ကို တရားဝင်ကြေညာခဲ့ပြီး ထွက်နိုင်ခြေရှိသည့် Feasi-bility Study အနေအထားသာ ရှိပါသေးကြောင်း၊ Test Run အဆင့်သာရှိသေးပြီး အသေးစိတ်အချက် အလက်များသိရသည့်အချိန်တွင် နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်သည့်အတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းက နိုင်ငံတော်သမ္မတကြီး၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည့် အချက်များကို သိရှိလိုခြင်းမေးခွန်းအပေါ် ဖြေကြားရာတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်၌ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် လူငယ်ရေးရာကိစ္စရပ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက် သွားရန်၊ အစိုးရအချင်းချင်း (G2G) လက်မှတ်ရေးထိုးခဲ့သည့်အစီအစဉ်များထဲတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့ပါကြောင်း၊ အာကာသယာဉ်စေလွှတ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆွေးနွေးခဲ့သကဲ့သို့ အာကာသပညာရပ်ဆိုင်ရာ ဘာသာရပ်များကို လေ့လာနိုင်ရန်အတွက် ကျောင်းသား ကျောင်းသူများကို စေလွှတ်မည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် AI ကဏ္ဍတွင် အလွန်ဖွံ့ဖြိုးတိုးတက်နေသောကြောင့် နိုင်ငံတော်သမ္မတကိုယ်တိုင် AI နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် အထူးပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် အဆင့်မြင့်နည်းပညာရပ်များ သင်ယူနိုင်ရန်အတွက် ပညာသင်များစေလွှတ်သွားမည့် အစီအစဉ်လည်းပါဝင်ကြောင်း ဖြေကြားသည်။              

ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဒေါ်အိမွန်ကျော်၏ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တရုတ်-မြန်မာဆက်ဆံရေးအပေါ် ဘယ်လို မြင့်မားသည့် မဟာဗျူဟာအမြင်က ရှုမြင်ပြီး မည်သို့တိုးတက်အောင် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့သည့် အိမ်နီးနားချင်းကောင်း နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကို လက်ကိုင်ထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်နေသကဲ့သို့ ခရီးစဉ်တွင်လည်း အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရန် နှစ်ဖက်သဘော တူညီခဲ့ကြကြောင်း၊ တရုတ်နိုင်ငံက ဦးဆောင်သည့် Global Initiatives များတွင် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝပူးပေါင်းပါဝင် ဆောင်ရွက်နေပြီး ယင်းသည် နှစ်နိုင်ငံအကြား ရေရှည်စီမံကိန်းအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ GDI,GSI အပါအဝင် သဘောတူညီချက် စာလွှာ (၄) ခုစလုံးတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ Multi-polar World Order အစီအစဉ်တွင် မြန်မာနိုင်ငံက အစိတ် အပိုင်းတစ်ခုအဖြစ် ပါဝင်နေခြင်းကို ပြသနေခြင်းဖြစ်ကြောင်း။

ထို့ပြင် SCO ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်း များတွင်လည်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို အဆင့်မြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တစ်ဆင့်ချင်း သတင်းထုတ်ပြန်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ One China Policy ကို အပြည့်အဝထောက်ခံသည်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြောင်း။

BRI နှင့် CMEC စီမံကိန်းများသည် မြန်မာနိုင်ငံ အတွင်းမှဖြတ်၍ တရုတ်နိုင်ငံ အနောက်ဘက် ထွက်ပေါက် အိန္ဒိယသမုဒ္ဒရာနှင့် အာဖရိကတိုက်သို့ သွားရန် အတိုဆုံးလမ်းကြောင်းဖြစ်သောကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံသည် နယ်စပ်ဒေသနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းစဉ်များနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုနိုင်သည့် အနေအထားတွင် ရှိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှသာ နှစ်နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာရောက်ရှိ နိုင်မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံနှင့် ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေး၊ သံတမန်ဆက်ဆံရေး ၇၆ နှစ်၊ အေးအတူပူအမျှ အသိုက်အဝန်း၊ မြန်မာနိုင်ငံအပေါ်ထားရှိသည့် သဘောထားနှင့် ပတ်သက်၍ အဓိက (၂) ချက်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟု တရုတ်နိုင်ငံသမ္မတကြီးကိုယ်တိုင်နှင့် ဝန်ကြီး ချုပ်တို့က ကတိပြုပြောကြားခဲ့ပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ၊ အာဆီယံမျက်နှာစာတွင် မြန်မာနိုင်ငံ ကို နိုင်ငံတကာတွင် တန်းတူရည်တူ ညီမျှစွာ ပါဝင် နိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ခိုင်ခိုင်မာမာ ထောက်ခံရပ်တည် ပေးသွားမည်ဖြစ်ကြောင်းကို အလေးအနက် ပြောကြားခဲ့ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခွဲခြား၍မရဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ချင်း အတူတူသွားနေသည့် မဟာဗျူဟာမြောက် တရုတ်-မြန်မာ ဆက်ဆံ ရေးအဆင့်ဖြစ်ကြောင်း ဖြေကြားသည်။

Myanmar Transparency News သတင်းအေဂျင်စီမှ အကြီးတန်းသတင်းထောက် ဦးကြည်နိုင်က မြစ်ဆုံစီမံကိန်းပြန်လည်လုပ်ဆောင်ရန် ကချင်ပြည်နယ်တွင် ဆွေးနွေးပွဲများ ဆောင်ရွက်နေပြီး ဆက်လက်လုပ်ဆောင်မည်ဆိုပါက ပြည်သူလူထု၏ စိုးရိမ်မှုများအပေါ် မည်သို့ဆောင်ရွက်သွားမည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ခရီးစဉ်အတွင်း မြစ်ဆုံ စီမံကိန်းပြန်စရန် ဆွေးနွေးခဲ့သည်များရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရည်မှန်းချက်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းက ၂၀၃၀ တွင် ၁၀၀ ရာခိုင်နှုန်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် ရည်မှန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းက ယခုမှလုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းကို ယခင်ကတည်းက အကောင်အထည်ဖော်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် တစ်နိုင်ငံလုံး မီးထိန်ထိန်လင်း နေမည်ဖြစ်ပြီး မီးလင်းခြင်းနှင့်အတူ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း။

မြစ်ဆုံစီမံကိန်းဆောင်ရွက်ရန် နေရာခုနစ်ခုရှိပြီး ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်းစီမံကိန်း တစ်ခုတည်းကို မဂ္ဂါဝပ် ၅၆၀၀ ထွက်ရှိမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတွက် မဂ္ဂါဝပ်တစ်သောင်းကျော် လိုအပ်သည့်အတွက် ကျန်သည့်ခြောက်ခုနှင့် ပေါင်းပါက မိမိတို့နိုင်ငံအတွက် ရာနှုန်းပြည့် လျှပ်စစ်မီးရရှိ ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ပြည်သူများ၏ စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ နိုင်ငံတော်သမ္မတကြီးကလည်း စိုးရိမ်ပူပန်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ယာယီသမ္မတ တာဝန်ယူထား စဉ်ကာလက ဒေသခံပြည်သူများ သဘောမတူပါက စီမံကိန်းအောင်မြင်ရန် မလွယ်ကူကြောင်း၊ ဒေသခံပြည်သူများ၏ သဘောထားရယူရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဒေသခံကော်မတီများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ၂၀၂၆ ဇန်နဝါရီလ တွင် ၂၄ ဦးနှင့် ဖွဲ့စည်းပြီး ဒေသခံပြည်သူလူထုနှင့် မြေပြင်တွင် တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များ ထွက်ရှိခဲ့ပြီး မထုတ်ပြန်ရသေးပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များကို အကျဉ်းချုပ်ပြီး ပြောရမည်ဆိုပါက ဆွေးနွေးခဲ့သူများ အားလုံးက လျှပ်စစ်မီးလိုချင်ကြကြောင်း၊ ဒေသခံများအားလုံးလည်း လျှပ်စစ်မီးလိုချင်ကြောင်း။

သို့သော် ဒေသခံတချို့တွင် သတင်းအမှားများ ရရှိနေကြောင်း၊ စီမံကိန်းဆောင်ရွက်လိုက်ပါက ယင်းစီမံကိန်းဝန်းကျင်ရှိ ဒေသခံများ၏ အသက် အိုးအိမ်စည်းစိမ်များအတွက် စိုးရိမ်ပူပန်မှုများ ရှိပါကြောင်း၊ ယင်းအတွက် ကောင်းကျိုးဆိုးကျိုး မည်မျှဖြစ်နိုင်သည်ကို မိမိတို့အသေးစိတ် ဆန်းစစ်လေ့လာနေကြောင်း၊ စီမံကိန်းတိုင်းတွင် အကောင်း၊ အဆိုး ရှိနိုင်သည့်အတွက် Check and Balance လုပ်ပြီး အကောင်းရာခိုင်နှုန်းများပါက စီမံကိန်းကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းသည် အကြမ်းဖျင်းအားဖြင့် ကောင်းကျိုးများစွာရှိသကဲ့သို့ ဆိုးကျိုးလည်း အနည်းငယ်ရှိနိုင်ပါကြောင်း၊ ရှိနိုင်သည့်ဆိုးကျိုးကိုလည်း အကောင်းဆုံးနှင့် အနည်းဆုံးဖြစ်အောင် ပညာရှင်များဖြင့် တွက်ချက်ပြီး တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

One News Channel မှ သတင်းထောက် ဦးကျော်လွင်၏ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ လာအိုနိုင်ငံသို့ နိုင်ငံတော်သမ္မတကြီး သွားရောက်မည်ဖြစ်ကြောင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုစသည့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်သွားလျက်ရှိကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ကုန်သွယ်ရေးကဏ္ဍတွင် ထိုင်းနိုင်ငံနှင့် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံများနှင့်လည်း မူလအတိုင်း မိတ်ဝတ်မပျက်ဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံအချို့က အထင်အမြင်လွဲမှားပြီး မိမိတို့နိုင်ငံအပေါ်တွင် ဆက်ဆံရေး ပြောင်းလဲခဲ့ကြောင်း၊ မိမိတို့ဘက်က အလုပ်ဖြင့် သက်သေပြနေကြောင်း၊ ရွေးကောက်ပွဲကျင်းပခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အားလုံးကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း။

နောက်တစ်ခုမှာ ဘင်းမ်စတက်ဖြစ်ပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသည် ဘင်းမ်စတက်တွင် အတက်ကြွဆုံး နံပါတ် (၁) နိုင်ငံဟု ပြောသွားပါကြောင်း၊ နောက် ၆ လအကြာတွင် မိမိတို့နိုင်ငံသည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ယူရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် BIMSTEC တွင် ပါဝင်သည့် အနောက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ၎င်းပြောကြားသွားသည့် နံပါတ် (၁) အခန်းကဏ္ဍကိုလည်း ဆက်လက်ထိန်းသိမ်းပြီး အတွင်းရေးမှူးချုပ် တာဝန်ယူရမည်ဖြစ်သည့်အတွက် ယခင်ထက်ပိုပြီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဦးဆောင်နိုင်သည့် အနေအထားမျိုးဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိအခွင့်အလမ်းတွေရှိမလဲဆိုသည့် ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံအနေဖြင့် ဘင်းမ်စတက်နှင့် ဆက်ဆံရေးကောင်းမွန်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်နေကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် အာဆီယံ ၁၀ နိုင်ငံအနက် ၅ နိုင်ငံက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါကြောင်း၊ အလားတူ နိုင်ငံတော်အစိုးရသစ်ကာလတွင် အာဆီယံနိုင်ငံအချို့မှ လာရောက်တွေ့ဆုံပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာများအနက် ထုတ်ပြန်၍ရသည့် အကြောင်းအရာများကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ မည်သို့ပင်ဆိုစေ မိမိတို့နိုင်ငံကို လာရောက်တွေ့ဆုံခြင်းသည် ဆက်ဆံရေးမျက်နှာစာသစ်ဖွင့်ရန် ပြန်လည် စဉ်းစားနေသည့် အနေအထားမျိုးဖြစ်သည်ကို ခန့်မှန်းတွက်ချက်နိုင်ပါကြောင်း ဖြေကြားသည်။

KS News Media အယ်ဒီတာ ဦးကျော်စွာမြင့်၏ အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း အခြေခံဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အခြေခံလူတန်းစားမြှင့်တင်ရေးအတွက် စီမံချက်များရှိ၊ မရှိနှင့် ရှိပါက အကြမ်းဖျင်းစီမံချက်များကို ရှင်းပြပေးစေလိုကြောင်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် မိမိတို့ နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရန်ဆိုသည့်ကိစ္စကို မိမိတို့အစိုးရလက်ထက်တွင်သာမဟုတ်ဘဲ အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်စပြီး တာဝန်ယူသည့်အချိန်၌ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် စားရေရိက္ခာဖူလုံရေး၊ တိုင်းပြည်သာယာဝပြောရေးကို တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရသည့် အကြောင်းရင်းမှာ မိမိတို့နိုင်ငံသည် မြို့ပြတွင် နေထိုင်သူ ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျေးလက်တွင် နေထိုင်သူက ၇၀ ရာခိုင်နှုန်းရှိပါကြောင်း၊ ကျေးလက်တွင်နေသည့် လူအများစုမှာ ဆင်းရဲနွမ်းပါးပြီး စိုက်ပျိုးမွေးမြူရေးကိုသာ အဓိကထားလုပ်ကိုင်ကြပါကြောင်း။

နိုင်ငံတော်သမ္မတကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၌ စိုက်ပျိုးဧကမြေများ အလုံအလောက်ရှိသည့်အတွက် လက်ရှိစိုက်ပျိုးနေသည့် စိုက်ပျိုးဧကများတွင် သီးနှံအထွက်နှုန်းတိုးရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကိုသွားသည့် ရည်ရွယ်ချက်များအနက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြှင့်တင်ရန်၊ ခေတ်မီနည်းပညာများ၊ AI သုံးပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်လည်း ပါဝင်ပါကြောင်း၊ မိမိတို့ နိုင်ငံမှ အခြေခံလူတန်းစားများ၊ တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးအတွက် အထွက်နှုန်းကောင်းမွန်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထွက်ရှိလာသည့် ကုန်ပစ္စည်းများ ဈေးကောင်းရရှိရန်၊ အရည်အသွေးပြည့်မီရန်၊ တန်ဖိုးမြင့်ထုတ်ကုန်များ ဖြစ်စေရန် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် MSME လုပ်ငန်းကို ပစ်ပယ်၍မရကြောင်း၊ MSME သည် ကျေးလက်ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးအခြေခံပစ္စည်းများကို အသုံးပြုပြီး ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၊ ဆင်းရဲနွမ်းပါးသူများ လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ယခုအချိန်တွင် MSME ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပြီး ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ အဓိကဖြည့်ဆည်းတင်ပို့ပေးနိုင်သည့် နိုင်ငံဖြစ်ရမည်ဆိုသည့် မူဝါဒချမှတ်ပေးခဲ့ပြီး ယင်းမူဝါဒအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက ဆင်းရဲနွမ်းပါးမှုကို မိမိတို့ အမြစ်ပြတ်တိုက်ထုတ်နိုင်သည့် အနေအထားကို ရောက်ရှိလာမည်ဖြစ်ကြောင်း ဖြေကြားသည်။

Skynet Media မှ သတင်းထောက် ဦးမြင့်ဇော်၏ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မည်သည့်အခြေအနေကို ရောက်ရှိနေသည်၊ မည်မျှမျှော်လင့်နိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင် သည့်အဖွဲ့က ဆွေးနွေးမှုများ အဆက်မပြတ် လုပ်ဆောင်နေပါကြောင်း၊ NCA ထိုးပြီးသည့် အဖွဲ့ များ၊ NCA မထိုးရသေးသော အဖွဲ့များနှင့် ဆွေးနွေးနေပါကြောင်း၊ မကြာသေးမီက မိုင်းလားနှင့် “ဝ” ဒေသကို သွားခဲ့ပါကြောင်း၊ NDAA နှင့် “ဝ” အဖွဲ့များနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးသည့်အထဲတွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများပါသလို ကလေးများ ကျောင်းပြန်တက်နိုင်ရေးကိစ္စလည်း ပါပါကြောင်း။

ဆရာ ဆရာမများ ခန့်ထားရေး၊ ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့ပါကြောင်း ၊ “ဝ” အဖွဲ့နှင့် ဆွေးနွေးစဉ် ၎င်းတို့က နိုင်ငံရေးအခင်းအကျင်းကို ယခုထက်ပိုပြီး ကောင်းမွန်သည့် အခင်းအကျင်း ဖြစ်ရန်အတွက် သူတို့လည်း ဝိုင်းဝန်းပါဝင်ပြီး ဆောင်ရွက်သွားမည်၊ ယခုထက်ပိုပြီး ကောင်းမွန်သော အခင်းအကျင်းဖြစ်အောင် လုပ်သွားမည်ဆိုသည့် ရည်မှန်းချက်ဖြင့် ဆွေးနွေးခဲ့ပါကြောင်း၊ “ဝ” နှင့် မိုင်းလားကို သွားခဲ့သောခရီးစဉ်မှာ ရလဒ်ကောင်းများ ရခဲ့သည်ဟု သိရပါကြောင်း၊ ရှေ့ဆက် ပြီးလည်း ဆွေးနွေးမှုများ လုပ်သွားမည်ဖြစ်ပါကြောင်း။

လက်ရှိ တိုက်ပွဲဖြစ်နေသည့်အဖွဲ့များကိုလည်း နိုင်ငံတော်သမ္မတကြီးက ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားပါကြောင်း၊ ရက် ၁၀၀ ဆိုတော့ ရက် ၁၀၀ အတွင်းမှာ ပြီးပြီလားစသည်ဖြင့် ရေးနေ၊ ပြောနေတာတွေ ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဘာကြိုတင်ကန့်သတ်ချက်မှ မရှိပါကြောင်း၊ ငြိမ်းချမ်းရေးလိုချင်လျှင် လာခဲ့ပါ၊ အပြည့်အဝဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ရက် ၁၀၀ အတွင်းသာမဟုတ်ဘဲ ရက် ၁၀၀ ကျော်သွားလျှင်လည်း ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အချိန်မရွေး လာခဲ့ပါ၊ တံခါးဖွင့်ထားတယ်၊ ကမ်းလှမ်းကြိုဆိုပါတယ်ဆိုပြီး နိုင်ငံတော်သမ္မတကြီး၏ အသံကိုပါ မိမိတို့၏ PPIB website ၌ တင်ထားပါကြောင်း၊ အသံကိုကိုယ်တိုင် နားထောင်ကြည့်နိုင်ပါကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နံပါတ် (၁) ပါဆိုပြီး နိုင်ငံတော်သမ္မတကြီး ပြောထားပါကြောင်း၊ ယခုအစိုးရလက်ထက်မှာ ပထမဦးဆုံးစလုပ်သည်မှာ ငြိမ်းချမ်းရေးဖြစ်ပြီး ရက် ၁၀၀အတွင်း အောင်မြင်အောင်လုပ်မည်၊ ရက် ၁၀၀ ကျော်သွားလျှင်လည်း ဆက်ပြီး ငြိမ်းချမ်းရေးလိုချင်သူ မည်သူမဆိုလာခဲ့ပါ၊ တံခါးဖွင့်ကမ်းလှမ်းကြိုဆိုပါတယ်ဟု ပြောထားတာရှိပါကြောင်း ဖြေကြားသည်။

အမိမြေသစ္စာ သတင်းစုံဂျာနယ်မှ သတင်းထောက် ဦးစောမျိုးအောင်၏ လက်ရှိနိုင်ငံတော်အစိုးရက နိုင်ငံရေးပြစ်ဒဏ်ကျသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ အကြမ်းဖက်အမည်ခံ PDF များကို ဥပဒေဘောင်အတွင်း လက်တွဲခေါ်ခြင်း၊ ပြည်တွင်း ပြည်ပရှိ မတူကွဲပြားခဲ့သူအချို့ကိုလည်း ပြည်တွင်း ကို ပြန်လည်ဖိတ်ခေါ်နေခြင်းရှိရာ ယင်းပုဂ္ဂိုလ်များ Black List စာရင်းတွင် ပါဝင်မှု ရှိ၊ မရှိ၊ အကယ်၍ Black List စာရင်းတွင် ပါဝင်နေပါက မည်သို့ပယ်ဖျက်ရန် ဆောင်ရွက်ရမည်ဆိုသည့် နည်းလမ်း ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူများသည် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့်အတွက် Black List စာရင်းတွင် ပါဝင်ခြင်း လုံးဝမရှိပါကြောင်း၊ သာမန်ပြည်သူဖြစ်သွားပြီဖြစ်ပါကြောင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့များသည်လည်း နိုင်ငံသား၊ ပြည်သူပြည်သားများဖြစ်သည့်အပြင် စာပေသင်ကြားရမည့် သားသမီးအရွယ်ကလေးများဖြစ်ပါကြောင်း၊ ၎င်းတို့ကို လည်း Black List စာရင်းတွင် ထည့်သွင်းမထားပါကြောင်း၊ Black List သွင်းထားသည်မှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အကြောင်းအမျိုးမျိုး ကြောင့် ဌာနကင်းကွာသွားသည့် ဝန်ထမ်းများ၊ နိုင်ငံတော်သို့ ငွေကြေးအကျေ ပြန်လည်မပေးဆပ်သူ စီးပွားရေးလုပ်ငန်းရှင်များကိုသာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက Black List ထည့်သွင်းထားပါကြောင်း။

ဌာန ကင်းကွာဖြစ်သွားသူများအနေဖြင့် Black List တွင်ပါဝင်ခြင်းကို ဖြေလျှော့ပေးရန် သက်ဆိုင်ရာဌာနမှတစ်ဆင့် လျှောက်ထားနိုင်ပါကြောင်း၊ သက်ဆိုင်သည့် ဌာန၊ သံရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ပါကြောင်း၊ မိမိမှတ်မိသလောက် Black List ဖြေလျှော့ပေးသည့် အရေအတွက် ၇၀၀၀ ကျော် ရှိပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် Black List တွင် ပါဝင်နေပါက ဖြေလျှော့ပေးရန် လျှောက်ထားနိုင်ပါကြောင်း၊ ဥပဒေကို ဆန့်ကျင်သည့်အခြေအနေမျိုး လုပ်ဆောင်ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် Black List တွင် ပါဝင်နေပါက လုပ်ငန်းစဉ်အတိုင်း ဖြေလျှော့‌ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

Voice of Myanmar News -VOM မှ အယ်ဒီတာချုပ် ဦးနေမျိုးလင်း၏ ရက် ၁၀၀ စီမံကိန်းအပါအဝင် နိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် ရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် လုပ်ဆောင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ပြည်တွင်းပဋိပက္ခကြောင့် ဖွံ့ဖြိုးမှု နောက်ကျရသည့်အတွက် ပြည်တွင်းပဋိပက္ခများ ပြေလည်စေရန် အတိုက်အခံဖြစ်နေသော အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးကို လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးဖို့ ဖိတ်ခေါ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် EAO များနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဖိတ်ခေါ်ထားပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပြီးလျှင်၊ သဘောတူညီချက်များ ရပြီးသွားလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ၎င်းတို့အနေဖြင့်လည်း မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့လူမျိုး တိုးတက်ရေးအတွက် ရည်မှန်းချက်များထားပြီး လုပ်ဆောင်သွားမည်သာဖြစ်ပါကြောင်း၊ မိမိတို့သည် တစ်နိုင်ငံတည်းက နိုင်ငံသားများဖြစ်သည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း။

အတိုက်အခံဟုပြောဆိုကြသော်လည်း အတိုက်အခံပါတီများသည် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ၊ မဖြစ်သူရှိကြပါကြောင်း၊ အားလုံးအတူတူ ရှေ့ဆက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်၍ ရပါကြောင်း။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ပြစ်ဒဏ်ကျခံနေရသူဖြစ်သည့်အတွက် ပြစ်ဒဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့်ရမည်ဖြစ်ပါကြောင်း၊ မည်သည့်ပြဿနာ၊ မည်သည့်အခက်အခဲမှ မရှိပါကြောင်း၊ နိုင်ငံသား ပြည်သူတစ်ယောက်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊ ပြင်ပတွင် ပြောဆိုနေကြသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပုဒ်မ၊ နိုင်ငံရေးပြစ်မှုတို့ဖြင့် အရေးယူခံထားရခြင်းမဟုတ်ပါကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် အရေးယူခံထားရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေဘောင်အတွင်းမှ ပြစ်ဒဏ်များ ကျခံပြီးသွားပါက ဖွံ့ဖြိုးရေး လုပ်ငန်းတွင် ပါဝင်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

NHK သတင်းဌာနမှ ဒေါ်ခင်မိုမိုမြင့်၏ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိကျန်းမာရေးအခြေအနေ၊ အာဆီယံအထူးကိုယ်စားလှယ်က တွေ့ခွင့်တောင်းထားသည့်ကိစ္စ၊ ဇူလိုင်လတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးနှင့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင်မြန်မာနိုင်ငံ တက်ရောက် နိုင်မည့်အခြေအနေကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါကြောင်း၊ ဘာမှပြဿနာမရှိပါကြောင်း၊ ဆေးစစ်ဆေးမှုများကိုလည်း ပုံမှန်ပြုလုပ်ပေးနေပါကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်က တွေ့ခွင့်တောင်းသည့် ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုများဖြင့် ဥပဒေအရ အရေးယူခံထားရသည့် ပြစ်ဒဏ်ကျခံနေရသူဖြစ်ပါကြောင်း၊ ယင်းအတွက် နိုင်ငံတကာကိုယ်စားလှယ်များနှင့်တွေ့၍ မရပါကြောင်း၊ ပြစ်ဒဏ်ကျခံပြီးသွားသည့်အချိန်ကျမှသာ တွေ့ခွင့်ရကောင်းရနိုင်ပါကြောင်း၊ မိမိအနေဖြင့် အာဆီယံအစည်းအဝေးကို တက်မှာလားဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဖိတ်မှာလားဟု ပြန်မေးလိုပါကြောင်း၊ ဖိတ်ကြားပါက တက်ရောက်မည်ဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် အဆင့်ခွဲခြား၍ ဖိတ်ကြားမှုများ ရှိလာပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ဒေသတွင်း၌ အာဆီယံနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးအတွက် လုံးဝတာဝန်မပျက်ကွက်ခဲ့ပါကြောင်း၊ အမြဲတမ်း တက်ရောက်ခဲ့ပါကြောင်း ဖြေကြားသည်။

Nikkei Shimbun သတင်းဌာနမှ ဒေါ်နန်းပြည့်၏ လက်ရှိမြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းတို့ အကောင်အထည်ဖော်ဆောင်ရွက်နေသလို အိန္ဒိယနိုင်ငံနှင့်လည်း ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူ ပို့ဆောင်ရေး စီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းတို့ကို ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ ထိုစီမံကိန်းတစ်ခုချင်းစီ၏ လက်ရှိအခြေအနေ၊ မကြာမီကာလမှာ ဘယ်လိုလုပ်ငန်းအဆင့်များကို ဆက်လက်ပြီး လုပ်ဆောင်သွားမလဲ၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အပိုင်းကို ကြည့်မည်ဆိုလျှင် အချို့ရပ်ဆိုင်းနေသည်များရှိပါကြောင်း၊ ဂျပန်နိုင်ငံ က ODA ရပ်ဆိုင်းထားသည့်အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းများ ရပ်တန့်နေပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဂျပန်နိုင်ငံကို ဘယ်လိုမျိုး မျှော်လင့်ထားပါသလဲ၊ လက်ရှိရေတိုကာလမှာ ဂျပန်နိုင်ငံ၏ အထောက်အပံ့က မြန်မာနိုင်ငံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မလိုအပ်သေးဘူးလို့ ယူဆပါသလားဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာ တွင် မူဆယ် - မန္တလေး ရထားလမ်းစီမံကိန်းတွင် မူဆယ်မှ မန္တလေးအထိ လမ်းကြောင်းရှာသည့် အပိုင်း၌ လေ့လာမှု ပြီးစီးသွားပြီဖြစ်ပြီး အစီအစဉ်စလုပ်ဖို့ အနေအထားဖြစ်ပါကြောင်း၊ မန္တလေး - ကျောက်ဖြူအပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်း ရွေးချယ်ပြီးပြီ၊ လေ့လာမှုလုပ်နေရင်းမှ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် တချို့နေရာများ၌ လုံခြုံရေးစိတ်မချရသည့်အတွက် ရပ်သွားပါကြောင်း၊ လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်ပါက အမြန်ဆုံးပြန်စဖို့ ဆောင်ရွက်နေပါကြောင်း။

ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမြန်ဆုံးအပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် သဘောတူညီချက်များရရှိပြီးဖြစ်ပါကြောင်း၊ အဓိကမှာ နယ်မြေအေးချမ်း ရန်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသများတွင် နယ်မြေအေးချမ်းပြီး လုံခြုံရေးကောင်းမွန်သည်နှင့် ချက်ချင်းပြန်စမည်ဖြစ်ပါကြောင်း။

ဂျပန် မှ ODA အကူအညီများ အများကြီးရခဲ့ပြီး အထူးသဖြင့် ပညာသင်ကြားရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ကဏ္ဍများတွင် အကူအညီများစွာ ရရှိခဲ့သဖြင့် အထောက်အကူလည်း အများကြီးဖြစ်ခဲ့ပါကြောင်း၊ ယခုအကူအညီများကို ရပ်ထား ပါကြောင်း၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ အကုန်ရပ်သွားသည့်အတွက် ပြည်သူများကို ထိခိုက်ပါကြောင်း၊ ရထားလမ်းစီမံကိန်းရပ်သွားသည့်အတွက် ပြည်သူများ ဒုက္ခရောက်ရပါကြောင်း။

ဂျပန်အစိုးရကို ပြောကြားလိုသည်မှာ အကူအညီပေးခဲ့သည်များ အားလုံးအတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့အကူအညီ လိုအပ်နေပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်ရသည့်အထဲ ၂၀၂၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ များစွာလုပ်နေရပါကြောင်း၊ ပျက်စီးသွားသည့် ကိစ္စအများအပြားရှိ သည့်အတွက် အကူအညီအများကြီး လိုအပ်ပါကြောင်း၊ ဖြစ်နိုင်ပါက အကူအညီအသစ်များ မပေး သည့်တိုင် မိမိတို့ ယခင်သဘောတူညီခဲ့သည့် အကူအညီများကို ပြန်ပေးမည်ဆိုလျှင် ပြည်သူများအတွက် အများကြီးအထောက်အပံ့ဖြစ်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် အများကြီးအကျိုးရှိခဲ့သည်ကို ပြောချင်ပါကြောင်း၊ သတင်းထောက်ကြီး မေးမြန်းသည့် “အကူအညီ မလိုတော့ဘူးလား” မေးခွန်းနှင့်ပတ်သက်၍ အကူအညီ လိုပါတယ်၊ အကူအညီပေးပါဟု ဤနေရာမှ တောင်းဆိုလိုပါ ကြောင်း ဖြေကြားသည်။

Truth Zone Online မီဒီယာမှ အယ်ဒီတာချုပ် ဒေါ်သဇင်ဦး၏ လူငယ်များအနေဖြင့် သူတို့အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်းမှ လူငယ်များ ပြည်ပသို့ ထွက်ခွာနေကြရခြင်းအပေါ် အစိုးရအနေဖြင့် ဘယ်လိုသုံးသပ်မိပါသလဲ၊ လူငယ်များအတွက် မြန်မာနိုင်ငံတွင် ပညာရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် အနာဂတ်မျှော်လင့်ချက်များ ပြန်လည်ရရှိအောင် နိုင်ငံတော်အစိုးရအနေဖြင့် ဘယ်လိုအထူးစီမံချက်များဖြင့် ဆွဲဆောင်ထိန်းသိမ်းသွားမလဲ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် လူငယ်များက သူတို့အနာဂတ်အတွက် စိုးရိမ်မှုတွေ ရှိနေသလို မိမိတို့လူကြီးများကလည်း နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးအပါအဝင် အစိုးရအဖွဲ့ဝင်များလည်း စိုးရိမ်ပါကြောင်း၊ ဘာကြောင့်လဲဆိုသော် လူငယ်ဆိုသည်မှာ နောက်တစ်ချိန် လူကြီးဖြစ်မည့်သူများ၊ နိုင်ငံ့စွမ်းအားများ၊ အရင်းအမြစ်များ ဖြစ်ပါကြောင်း။

မိမိအနေဖြင့် ဆက်စပ်သည့်အတွက် ကိုယ်တိုင်လေ့လာထားသည့် ကိစ္စတစ်ခုကို ထည့်သွင်းပြောကြားလိုပါကြောင်း၊ ၂၀၁၄ သန်းခေါင်စာရင်း ကောက်လိုက်သည့်အချိန်တွင် လူငယ်အရေအတွက် အများကြီးရှိပါကြောင်း၊ ယင်းမှာ လွန်ခဲ့သည့် အနှစ် ၃၀၊ ၄၀ ကာလများက မွေးနှုန်းမြင့်မားခဲ့၍ ဖြစ်ပါကြောင်း၊ ၂၀၁၄ တုန်းက အလုပ်လုပ်နိုင်သည့် အရွယ်ရောက်နေသူ ဘယ်လောက်များသလဲဆိုတာ မိမိသိပါကြောင်း၊ အလုပ်လုပ်နိုင်သူ တကယ်များခဲ့ ပါကြောင်း၊ မိမိတို့လူဦးရေ Bonus ရနေခြင်းဖြစ်ပါကြောင်း၊ Demographic Dividend ဟု ခေါ်ပါ ကြောင်း။

ယခု ၂၀၂၄ သန်းခေါင်စာရင်းကောက်လိုက်သည့်အခါ လွန်ခဲ့သည့် ၁၀ နှစ်က အသက် ၁၄ ၊ ၁၅ နှစ် ရှိသည့် အုပ်စုက ယခုအချိန်မှာ အသက် ၂၄ နှစ်၊ ၂၅ နှစ်ဖြစ်မည်၊ အလုပ်လုပ်နိုင်သည့်အရွယ် လူငယ်တွေများလာရမည့်အစား လျော့သွားသည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း လူငယ်အများကြီး ရှိနေဆဲဖြစ်ပါကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် ယခင်ထက်စာလျှင် ရွှေ့ပြောင်းနေထိုင်သူများလာပါကြောင်း၊ ထိုအချက်အလက်များအတွက် မိမိတို့ စိုးရိမ်ပါကြောင်း၊ စိတ်ပူပါကြောင်း။

မိမိတို့၏ ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးသွားသလားဟု စိတ်ပူပါကြောင်း၊ ယင်းကို ဘယ်လိုတားမလဲ စဉ်းစားရာ ရွှေ့ပြောင်းနေထိုင်ကြခြင်းမှာ မိမိတို့နိုင်ငံသာမဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးတွင် အလွန်မြင့်မားပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ သည်လည်း ကိုယ့်နိုင်ငံ အနေအထားအရသော်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာမှာ စီးမြောသွားသည့် အနေအထားအရသော်လည်းကောင်း ရွှေ့ပြောင်းနေထိုင်မှုများနေခြင်းဖြစ်ပါကြောင်း၊ သူတို့ ဘာလို့ထွက်သွားသလဲဆိုတော့ အဓိကအကြောင်းရင်းကို ကြည့်သည့်အခါ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ဖြစ်ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအပြင် တခြားအကြောင်းအရာများလည်း ရှိပါကြောင်း၊ သို့သော်လည်း အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိဖို့၊ သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေးပြေလည်ဖို့ ဖြစ်ပါကြောင်း။

လေ့လာကြည့်သည့်အခါ ပညာအရည်အချင်းအရ မူလတန်း၊ အလယ်တန်းအဆင့်ရှိသူများ ပြည်ပသို့ ထွက်ခွာမှုများသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တစ်ချိန်မှာ လုပ်သားအင်အားရှားပါးမှုပြဿနာ ဖြစ်လာနိုင်ပါကြောင်း၊ အဓိကအကြောင်းရင်းမှာ အလုပ်အကိုင်အခွင့်အလမ်းအတွက် သွားခြင်းဖြစ်၍ မိမိတို့က ကျေးလက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပြန်ပြီးတိုးတက်လာအောင်၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ခေါ်တယ်ဆိုတာလည်း ထိုရည်ရွယ်ချက်ပါပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ MSME ကလည်း ကျေးလက်မှ ထွက်ကုန်များကို ပိုပြီးအဆင့်မြှင့်တင်ပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ဖြစ်ပါကြောင်း၊ နောက်တစ်ခုက နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြည်ပခရီးစဉ်များတွင် ပြုလုပ် သည့် စီးပွားရေးဖိုရမ်များတွင် ပါဝင်ဆွေးနွေးခဲ့ပါကြောင်း၊ ဖိတ်ခေါ်ခဲ့တယ်ဆိုတာကလည်း ပြည်တွင်း ကို ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့ဖြစ်ပါကြောင်း၊ ယခုလိုစီးဝင်မှပဲ မိမိတို့နိုင်ငံရှိ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည် ဖြစ်ပါကြောင်း။

နောက်တစ်ခုကတော့ နိုင်ငံတော်၏ စေတနာပါ။ ပြည်ပကို တရားမဝင်ထွက်ခွာသွားသူများ ရှိပါကြောင်း၊ အလုပ်လုပ်သည့်အခါ အထူးသဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံစသည့် နိုင်ငံတို့တွင် အင်မတန်ဒုက္ခရောက်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာက တရားမဝင်အထောက်အထားမဲ့ ထွက်ခွာသွားသူများကို အထောက်အထားရရှိအောင် CI (Certificate of Identity) ကို ပြည်ပကို သွားရောက်ပြီး ထုတ်ပေးပါကြောင်း၊ နှစ်နိုင်ငံ MoU များ ထိုးထားပြီး သူတို့ကို တရားဝင်ဖြစ်အောင် လုပ်ပေးနေပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံသားများအတွက် စောင့်ရှောက်သည့် နိုင်ငံတော်၏ စေတနာပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ငါးနှစ်တာကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများလာအောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် မိမိတို့ဆောင်ရွက်နိုင်မည်ဆိုလျှင် ရွှေ့ပြောင်းသွားလာသူများ အကုန်လုံးလိုလိုကို ထိန်းပြီးသားဖြစ်သလို ပြည်ပကို ရောက်နေသူများလည်း ပြန်လာမည်ဖြစ်ပါကြောင်း၊ ကိုယ့်နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးဝိုင်းပြီး ဆောင်ရွက်ဖို့ လိုပါကြောင်း ဖြေကြားသည်။

People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦး၏ ၂၀၂၆ ခုနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် PDF များ အလင်းဝင်ရောက်မှုနှုန်း မြင့်တက်လာကာ ယခုအချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလင်းဝင်ရောက်သည့် PDF ဦးရေကို သိရှိလိုပြီး ရက် ၁၀၀ အလွန်တွင် PDF များနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်သွားမည့်အခြေအနေ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာမည့် PDF များနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ သတင်းစကားပါးချင်သည်ကို သိရှိ လိုခြင်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် မိမိအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF ၄၀၀၀ ကျော်ရှိပြီဟု သိရှိမှတ်သားမိပါကြောင်း၊ ရက် ၁၀၀ စီမံချက်ဟု ပြောဆိုခြင်းမှာ ရက် ၁၀၀ အတွင်းကိုသာ ဆိုလိုခြင်းမဟုတ်ပါကြောင်း၊ ရက် ၁၀၀ ကို အစပြုဖိတ်ခေါ်ခြင်းကိုဆိုလိုပြီး ရက် ၁၀၀ ကျော်သွားပါကလည်း ဖိတ်ခေါ်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးမှ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့များ များစွာရှိပါကြောင်း၊ PDF အဖွဲ့များတွင် ကလေးအရွယ်၊ ကျောင်းတက်၍ ပညာရှာရမည့်အရွယ်၊ လုပ်ငန်းခွင်ဝင်ရောက်ရမည့်အရွယ်များ ပါဝင်နေပါကြောင်း၊ ထို့ကြောင့် ရက် ၁၀၀ ကျော်သွားပါကလည်း နွေးထွေးစွာ ကြိုဆိုနေမည်ဆိုသည်ကို ပြော ကြားလိုပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် စံညိုဝင်းက ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ PDF ၂၅၇၅ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ လမှ ယနေ့အထိ ဆိုပါက ၄၁၈၆ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပါကြောင်း ဖြေကြားသည်။

Myanmar Hard Talk အယ်ဒီတာချုပ် ဦးအောင်မင်း၏ NSPNC မှ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ “ဝ” နဲ့ မိုင်းလားကို သွားရောက်တွေ့ဆုံခဲ့မှုအပေါ် မည်သို့ရလဒ်ရရှိသည် သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ငြိမ်းချမ်းရေးအတွက် NCA ရေးထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများရှိပါကြောင်း၊ “ဝ” နှင့် မိုင်းလားသည် NCA ရေးထိုးထားခြင်းမရှိသေးသော်လည်း မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များက ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့်နိုင်ငံကို တည်ဆောက်ရန်ဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး ပါဝင်ရန်လိုအပ်ပါကြောင်း၊ ထို့အတွက် ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အဖွဲ့က အဆိုပါဒေသကို သွားရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ NCA ရေးထိုးထားခြင်းမရှိသေးသော်လည်း ထိုအဖွဲ့များသည် ယခင်အစည်းအဝေးများ ကျင်းပစဉ်ကတည်းက တက်ရောက်ခဲ့ကြပါကြောင်း၊ ထိုသို့သွားရောက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တရားဝင်သတင်းထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိအခြေအနေထက် ကောင်းမွန်သည့် နိုင်ငံရေးအခြေအနေကို ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့သည်များရှိသည်ကို သိရှိရပါကြောင်း၊ အွန်လိုင်းလိမ်လည် မှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တောင်းဆိုဆွေးနွေးခဲ့ကြသည်ဟုလည်း သိရှိရပါကြောင်း၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးဆဲကာလဖြစ်ပါကြောင်း ဖြေကြားသည်။

Eleven Media Group မှ သတင်းထောက် ဦးအောင်မင်းသိမ်းက နိုင်ငံတော်သမ္မတ၏ ရက် ၁၀၀ စီမံကိန်းတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်မည်ဆိုသည်မှာ ပါရှိပြီးဖြစ်ပါကြောင်း၊ လက်ရှိပဋိပက္ခဖြစ်ပွားနေသည့် EAO များ၊ TNLA ၊ MNDAA တို့ကဲ့သို့ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် အခြေအနေကို သိရှိလိုပြီး နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်နိုင်ငံဘက်က စီမံကိန်းများ စတင်နိုင်ရန် ငြိမ်းချမ်းရေး၊ လုံခြုံရေးကိစ္စများနှင့် စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့သည်ကို သိရှိရပါကြောင်း၊ ထို့အတွက် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေက အဓိကကျလာသည့်အတွက် EAO အဖွဲ့များ၊ AA၊ TNLA ၊ MNDAA ၊ KIA အဖွဲ့များနှင့် လက်ရှိအခြေအနေကို သိရှိလိုခြင်းတို့နှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ၏ မူဝါဒမှာ ငြိမ်းချမ်းရေးအတွက် အားလုံးကို ပါဝင်ရန်ဖိတ်ခေါ်ထားပါကြောင်း၊ EAO များ၊ လက်ရှိပဋိပက္ခများဖြစ်နေသည့်နေရာများမှ အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ထားပါကြောင်း၊ ထိုကြောင့် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စိတ်ဝင်စားပါက မိမိတို့ဘက်က အဆင့်သင့်ရှိပြီး လက်ကမ်းကြိုဆိုနေပါကြောင်း၊ ထို့အတွက် NCA ထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ငြိမ်းချမ်းရေးအတွက် မိမိတို့ဘက်က အဆင်သင့်ရှိနေပါကြောင်း။

တရုတ်နိုင်ငံ၏ Belt and Road စီမံကိန်း၊ China-Myanmar Economic Corridor –CMEC စီမံကိန်းတို့သည် နယ်စပ်ဒေသငြိမ်းချမ်းမှ အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရေးကို အပြည့်အဝကူညီသွားမည်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆောင်ရွက်သည့် လုပ်ငန်းများတွင် အပြည့်အဝပူးပေါင်းပါဝင်သွားမည်ဆိုသည်ကို တရုတ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးပြောကြားခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးသည် ပထမဆိုသည်ကို အစိုးရသစ်စတက်ကတည်းက ပြောကြားခဲ့ပါကြောင်း ဖြေကြားသည်။

Union Politics News မှ အယ်ဒီတာချုပ် ဦးထူးမောင်မောင်၏ ၎င်းတို့၏ အကျိုးစီးပွားတွေအတွက် NCA ကို အကာအကွယ်ယူပြီး ပြည်တွင်းငြိမ်းချမ်းရေး တကယ်မလိုချင်ဘဲ အကာအကွယ်ယူ နေသည့်အဖွဲ့များရှိလျှင် NSPNC နှင့် နိုင်ငံတော်ဘက်က ဘယ်လိုသဘောထားမျိုးရှိမလဲဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ပါလျက်သားနှင့် မလာဘူး၊ ဒီလိုတွေ လုပ်မယ်ဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်ပြီးလုပ်သွားရပါလိမ့်မယ်ဆိုတာ သမ္မတကြီး၏ မူဝါဒဖြစ်ပါကြောင်း ဖြေကြားသည်။

Popular News သတင်းဌာန၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က သမ္မတကြီး ဦးသိန်းစိန်လက်ထက်က သတင်းမီဒီယာများကို ဖိတ်ခေါ်ပြီး မေးခွန်းများကို ကိုယ်တိုင်ဖြေပေးခဲ့ပါကြောင်း၊ လက်ရှိ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်အနေဖြင့်လည်း သတင်းသမားများနှင့်တွေ့ဆုံပြီး ဖြေကြားပေးရန် ရှိ/ မရှိ သိရှိလိုသည့်မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတတာဝန်ယူပြီး ခရီးစဉ်နှစ်ခုတွင် ပြည်တွင်း၊ ပြည်ပသတင်းဌာနများနှင့် အင်တာဗျူးများ ဖြေကြားခဲ့ပါကြောင်း၊ ဖြေပေးရန်လည်း ဆန္ဒရှိပါကြောင်း၊ ပြည်ပသတင်းဌာနများမှ သမ္မတကြီးဆီ စာပို့ပြီး အင်တာဗျူးလုပ်လိုကြောင်း ပြောကြားရာ သမ္မတကြီးကလည်း ဖြေကြားပေးရန် ဆန္ဒရှိပါကြောင်း၊ ဦးမြတ်ခိုင်မေးမြန်းသည့်မေးခွန်းနှင့်ပတ်သက်၍ ဆန္ဒရှိပါကြောင်း၊ အခြေအနေပေးခဲ့လျှင်၊ အခွင့်အခါသင့်ခဲ့လျှင် သမ္မတကြီးက ဖြေကြားပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။