ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်
မေး ။ ။ အဆွေတော် သမ္မတကြီးခင်ဗျာ၊ အခုလိုမျိုးတွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို မေးမြန်းခွင့်ရတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ အခုလိုတွေ့ဆုံဆွေးနွေးရတဲ့ အကြောင်းရင်းကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ၊ အဆွေတော်ရဲ့ တာဝန်ထမ်းဆောင်မှု အခြေအနေတွေကို ပြောပြနိုင်မယ့် အခွင့်အရေးရရှိစေဖို့အတွက် ဒီနေ့လာရောက်တွေ့ဆုံမေးမြန်းရခြင်း ဖြစ်ပါတယ်။
ဖြေ ။ ။ ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်။ ခင်ဗျားတို့ကလည်း ကမ္ဘာမှာကျော်ကြားတဲ့ သတင်းဌာနကြီးတစ်ခုဖြစ်သလို မဂ္ဂဇင်းကလည်း အင်မတန်ထင်ရှားတဲ့ မဂ္ဂဇင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ခံတွေ့ဖို့အတွက် ကျွန်တော်သဘောတူလိုက်တာပါ။ ကျွန်တော်လည်း ပြောခွင့်ရတာပေါ့။ ခင်ဗျားတို့ရဲ့ ဖြောင့်မတ်တည်ကြည်မှုနဲ့ မှန်မှန်ကန်ကန် သတင်းထဲမှာရေးတယ်။ သတင်းကတော့ ရေးရမှာပါ။ အနောက်နိုင်ငံကတော့ အနောက်နိုင်ငံရဲ့ လိုလားချက်တွေ ရေးလေ့ရှိတယ်။ သို့သော် ခင်ဗျားတို့က သိပ်ပြီးတော့ ဆိုးဆိုးရွားရွားမဟုတ်ဘဲ ထင်ထင်ရှားရှားရေးတာတွေလည်း သတိပြုမိပါတယ်။ ဒါကြောင့်လည်း ခင်ဗျားနဲ့ ကျွန်တော်တွေ့ဖို့အတွက် ကျွန်တော်စဉ်းစားပါတယ်။ သို့သော် ကျွန်တော်လည်း မအားတဲ့အတွက်ကြောင့် အချိန်တွေက ခဏခဏပြောင်းနေရတဲ့အတွက်တော့ နားလည်ပေးဖို့ ပြောချင်ပါတယ်။
မေး ။ ။ အဆွေတော် သမ္မတကြီးခင်ဗျာ၊ ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော်မှာ အဆွေတော်သမ္မတကြီးက စစ်မှုထမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြီးခဲ့တဲ့နောက် ဧပြီလကစပြီး မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒီလိုအရပ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်တဲ့အပေါ်မှာ တပ်မတော်သားဘဝနဲ့ နှိုင်းယှဉ်ပြီးတော့ ဘယ်လိုမျိုးချိန်ညှိဆောင်ရွက်ရတယ်ဆိုတာကို သိရှိလိုပါတယ်။
ဖြေ ။ ။ ကျွန်တော့်အတွက် သိပ်ပြီးခက်ခဲတာတော့ မဟုတ်ဘူး။ ကျွန်တော် တပ်မတော်သားတစ်ယောက်ဘဝကတော့ နှစ်ပေါင်း ၅၀ လောက် ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်မိဘတွေက Civilian တွေ၊ အရပ်သားတွေ ဖြစ်ပါတယ်။
ကျွန်တော့်မိဘတွေကတစ်ဆင့် ထိတွေ့မှုဆိုတာ ကျွန်တော်တို့က ရှိပါတယ်။ တပ်ထဲမှာလည်း ကျွန်တော်တို့ မိသားစုတွေလိုက်နေကြတာပါ။ တပ်ချည်းပဲနေတာ မဟုတ်ဘူး။ မိသားစုတွေနဲ့ နေပြီး Family လိုနေကြတယ်။ ကျွန်တော်တို့ Family Army လို့တောင်တင်စားပြီး ပြောကြတယ်။ မိသားစုဝင်တွေ တပ်ထဲမှာလိုက်နေကြတာပါ၊ တာဝန်အရသွားကြရင်သွားမယ်၊ သို့သော်လည်းပဲ မိသားစုတွေနေကြတယ်။ အဲဒီမိသားစုတွေကလည်း ပြည်သူကနေ ပေါက်ဖွားလာတဲ့လူတွေပဲ။ တပ်မတော်ကလည်း နိုင်ငံရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ တပ်မတော်သား မိသားစုတွေကလည်း ပြည်သူတွေရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့က ပြည်သူနဲ့ထိတွေ့မှုက အစကတည်းက ရှိပြီးသားဖြစ်တယ်။ ဒါက တစ်ချက်ပါ။
နောက်တစ်ခုက ကျွန်တော်တို့က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စနေနေ့၊ တနင်္ဂနွေနေ့ဆို အမြဲတမ်းလုပ်ကြတယ်။ တိုင်းပြည်အတွက် တပ်တွေ အကုန်လုံးလုပ်ကြတာပါ၊ တပ်မတော်သားလည်းပါ၊ မိသားစုလည်းပါကြတယ်၊ ပြည်သူနဲ့ ထိတွေ့မှုတွေ ရှိကြတယ်။ ဒါကြောင့် စစ်သက် တစ်လျှောက်လုံးမှာ ဒီလိုထိတွေ့မှုတွေ ရှိလာခဲ့တယ်။
နောက်တစ်ခုက ကျွန်တော်တိုင်းမှူးဖြစ်တဲ့ အချိန်မှာ ကျွန်တော် ပြည်နယ်ဥက္ကဋ္ဌတာဝန်၊ အရပ်ဘက် အုပ်ချုပ်ရေးတာဝန်တွဲယူရတယ်။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တွဲယူခဲ့တာရှိတယ်။ အဲဒါ လေးနှစ်လောက် အတွေ့အကြုံရှိတယ်။ ကျွန်တော်ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တိုင်းပြည်ရဲ့အခြေအနေအရ အရေးပေါ်အခြေအနေကြေညာတဲ့ အချိန်မှာ၊ ကျွန်တော်တိုင်းပြည်ကို ခေတ္တတာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်အစိုးရအနေနဲ့လည်း ပြည်သူနဲ့ထိတွေ့မှုတွေ ကျွန်တော်လုပ်ခဲ့တာတွေရှိတယ်။ အဲဒီအတွေ့အကြုံတွေက ကျွန်တော် ဒီဘက်တာဝန်ထမ်းဆောင်မှုအတွက်တော့ အများကြီး အထောက်အကူရပါတယ်။ ဒါကြောင့် ကြီးကြီးကျယ်ကျယ်တော့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရတာတော့ မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။
မေး ။ ။ အခုလက်ရှိ သမ္မတတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး တပ်မတော်မှာ ကျင့်သုံးခဲ့တဲ့ ခေါင်းဆောင်မှုကို ပိုမိုပြီးတော့ ကျင့်သုံးလေ့ရှိပါ သလား။
ဖြေ ။ ။ အဲဒါတော့ မတူဘူး။ အရပ်သားနဲ့ စစ်သားနဲ့ မတူဘူး။ စစ်သားတွေ အုပ်ချုပ်မှုက အမိန့်ပေးရတာပါ။ အမိန့်ပေးတယ်၊ command နဲ့ သွားတယ်။ အရပ်သားကျတော့ ကျွန်တော်တို့က တိုက်တွန်းရတာပါ။ ကျွန်တော်တို့ နှိုးဆော်ရတယ်၊ တိုက်တွန်းရတယ်၊ နားလည်အောင် ရှင်းပြရတယ်။ ဒါတွေတော့ လုပ်ရပါတယ်။
ဒီမှာ တစ်ခုရှိတယ်၊ ခုနက အမေးကို ပြောတဲ့အထဲမှာ ကျွန်တော်တစ်ခုပြောပြမယ်။ ကျွန်တော်တို့ commander ဆိုတာကတော့ တပ်မှူးကောင်း စိတ်ဓာတ်လည်း ရှိဖို့လိုသလို ဖခင်စိတ်ဓာတ်လည်း ရှိရတယ်။ အဖေလို နေရတယ်၊ ရဲဘော်တွေအတွက် ဖခင်လို နေရတယ်။ စစ်တိုက်တဲ့ နေရာမှာတော့ အမိန့်ပေးပြီးတိုက်တာရှိမယ်၊ တာဝန်ပေးပြီး အမိန့်ပေးရတယ်။ သို့သော် ကျန်တဲ့ကိုင်တွယ် အုပ်ချုပ်တဲ့ နေရာမှာတော့ မိဘတစ်ယောက်အနေနဲ့ အုပ်ချုပ်ရတာပါ။ ဒါကြောင့် အဲဒီလိုစိတ်ကလည်း ကျွန်တော်အရပ်ဘက်အုပ်ချုပ်တာမှာ ဒီလိုပဲ ကျွန်တော်သွားပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ဖက်က commander ဆိုတဲ့ စိတ်ကို ဖယ်လိုက်ပြီးတော့ ဒီဘက်က မိဘစိတ်ဆိုတဲ့ စိတ်တွေနဲ့ပဲ ကျွန်တော်က ပြည်သူကို ဆက်ဆံတာရှိပါတယ်။
မေး ။ ။ မြန်မာနိုင်ငံ ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ထာဝရတည်တံ့ခိုင်မြဲဖို့အတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ဖို့ ရှိပါသလဲ၊ တပ်မတော်အပိုင်းနဲ့ရော ဘယ်လိုမျိုး ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးကတော့ အရေးကြီးပါတယ်။ လက်နက်ကိုင် ပဋိပက္ခပါ။ ကျွန်တော်တို့ နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပါတယ်။ ဒါတွေကလည်း လွတ်လပ်ရေးရကတည်းကနေ ပေါ်လာတဲ့ကိစ္စပါ။ ကိုလိုနီဖြစ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် လွတ်လပ်ရေးရတဲ့ အချိန်မှာ ခွဲခြားဆက်ဆံတဲ့ ပြဿနာတွေကနေ ပြီးတော့ တိုင်းရင်းသားတွေ အထင်လွဲတာတွေ ဖြစ်လာတာ ရှိပါတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲတဲ့ ကိစ္စတွေရှိပါတယ်။ ဒါကို ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ နည်းနဲ့သွားဖို့လိုပါတယ်။
အဲဒီတော့ဒီမှာလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်တာ၊ ပြည်သူနဲ့ ပတ်သက်တာ၊ နိုင်ငံရေးနဲ့ ပတ်သက်တာ တစ်ခုရှိပါတယ်။ နောက် တိုင်းရင်းသားရေးနဲ့ ပတ်သက်တာ တစ်ခုရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ရှိရင် အရင်တုန်းက နိုင်ငံရေးမှာ ပါလီမန်စနစ်သွားခဲ့တယ်။ ပြီးတော့ ဗဟိုအစိုးရအုပ်ချုပ်တဲ့ စနစ်နဲ့သွားခဲ့တယ်၊ နှစ်ပေါင်းများစွာကြာခဲ့တာပါ။ ဒါခင်ဗျားတို့လည်း နားလည်ပါတယ်။ ပြီးလို့ရှိရင်ကျွန်တော်တို့ ၂၀၁၁ က စပြီးတော့ ပါတီစုံစနစ်ကိုသွားတယ်။ သို့သော်လည်းပဲ ဗဟိုအစိုးရကွပ်ကဲတဲ့ အုပ်ချုပ်မှုစနစ်မှာသွားတဲ့အတွက်ကြောင့် လူတွေရဲ့ခံစားချက်တွေ အများကြီးရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေရှိတယ်။ အဲဒါဘာလဲဆိုတော့ ၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပြဿနာ ဒါကို ကျွန်တော်တို့က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ သွားဖို့အတွက်သွားတာ၊ ၈၈ မှာ ကျွန်တော်တို့ ပါတီစုံစနစ်ကို ကျွန်တော်တို့ပြောင်းလိုက်တာပါ။ ဒါပေမယ့် တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ကျွန်တော်ပြောင်းလာခဲ့တာဖြစ်တယ်။ တကယ်ကို ပါတီစုံစနစ်ကို ကျွန်တော်တို့ သွားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်းလက်ခံတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောတူတည်ဆောက်ခဲ့တာပါ။
တိုင်းရင်းသားတွေနဲ့ ပတ်သက်တာ၊ နိုင်ငံရေးနဲ့ပတ်သက်တာမှာ တိုင်းရင်းသားတွေက ဘာတောင်းလဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အုပ်ချုပ်ခွင့်ပြဿနာပါ။ တစ်ဖက်ကကျ နိုင်ငံရေးသဘောထားကွဲလွဲလို့ ဒီမိုကရေစီကိုတောင်းတာပါ။ ဒီနှစ်ခုကိုသွားတာပါ။ ဒါကြောင့် ကျွန်တော်တို့က constitution ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီဟာတွေ အကုန်လုံးထည့်သွင်းပြီးတော့ ဒီအတိုင်းရအောင် အကောင်အထည်ဖော်ဖို့လိုတာပါ။
ဒါကြောင့် ကျွန်တော်တို့က ပထမဒီမိုကရေစီ အစိုးရတက်လာတဲ့ ၂၀၁၁ ခုနှစ်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုလုပ်ပြီးတော့ NCA ကို လုပ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ နောက်လက်နက်မကိုင်တဲ့ တချို့အဖွဲ့တွေပါပါတယ်။ သူတို့လက်မှတ်ထိုးခဲ့တာ ရှိတယ်။ ဒီလို လုပ်ခဲ့တာရှိတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ကျွန်တော်တို့က ဒါကို အကောင်အထည်ဖော်ခဲ့တာ ရှိတယ်။
အခု NCA ပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာတဲ့ တောင်းဆိုလာတဲ့အချက်နဲ့ အခြေခံဥပဒေပြင်ဖို့အချက်တွေရှိတယ်။ အဲဒီအခြေခံဥပဒေပြင်ဖို့ အချက်တွေကိုလည်း အခုလွှတ်တော်မှာ ကျွန်တော့်အစိုးရကနေ လွှတ်တော်တင်ထားပြီးပြီ ဖြစ်ပါတယ်။ ဒါလွှတ်တော်မှာ သူတို့ကဆွေးနွေးဆုံးဖြတ်မှာပါ။ ဒါကတော့ သူ့ရဲ့ constitution ပြင်ဆင်ခြင်းရဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းရဲ့ အခန်းကဏ္ဍတွေရှိတယ်။ အဲဒီအခန်းကဏ္ဍနဲ့ သွားလိမ့်မယ်။ ဒါက တိုင်းရင်းသားတွေရဲ့ တောင်းဆိုတဲ့အပိုင်း၊ နိုင်ငံရေးအရ တောင်းဆိုတဲ့အပိုင်းပါ။
တစ်ဖက်က ဒီဘက်မှာလည်း ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ပြဿနာကြောင့် ကျွန်တော်တို့ကို အကြမ်းဖက်တိုက်ခိုက်မှုတွေရှိတယ်။ ကျွန်တော်တို့က ဒီမိုကရေစီသွားတာပဲ။ ကျွန်တော်တို့က ရွေးကောက်ပွဲအပေါ်မှာမူတည်ပြီး ဒီမိုကရေစီက လုပ်ခဲ့ပြီးပြီ။ ဒါကြောင့် ဒီမိုကရေစီပေါ်မှာ လက်ခံလို့ရှိရင် သူတို့ကလာပြီး ငြိမ်းချမ်းရေးနဲ့ဖြေရှင်းဖို့၊ ဒါအတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတယ်။ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်တာ လာပါတယ်၊ တချို့လည်းလာကြပါတယ်။ အလင်းဝင်တဲ့လူ ၄၀၀၀ ကျော်လောက်ရှိတယ်။ အပိုင်းလိုက်၊ အပိုင်းလိုက် ကြေညာတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ အလင်းဝင်တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
အဲဒီအများစုကတော့ လူငယ်တွေများတယ်။ တိုင်းရင်းသားတွေမှာလည်း ယောက်ျားတွေများတယ်။ ကျွန်တော်တို့ဆီရဲ့ အားနည်းချက်က အဲ့ဒီ လူငယ်တွေရော၊ တိုင်းရင်းသားတွေမှာ ပညာရေးအားနည်းချက်ရှိတယ်။ ပညာရေးအားနည်းချက်ရှိတော့ ပညာရေးအားနည်းချက်ကို အသုံးချပြီးတော့မှ သူတို့ကို နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တချို့က စည်းရုံးသိမ်းသွင်းပြီး ခေါ်ဆောင်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းထဲသူတို့ ပါလာကြတယ်။ အဲဒါတွေ ဖျောင်းဖျနားလည်အောင်လုပ်ဖို့ လိုပါတယ်၊ နှမြောဖို့ ကောင်းပါတယ်။ တကယ်တော့ လူငယ်တွေဟာ လက်နက်ကိုင်ဖို့ မဟုတ်ဘူး၊ ပညာသင်ရမယ့်အရွယ်၊ ပညာမသင်နိုင်ဘဲ ဒီလက်နက်ကိုင်လမ်းစဉ်ကို သွားနေကြတာ မှားနေတယ်။ ဒါကို သိအောင် တစ်ဖက်ကနေ ဒါတွေလည်းလုပ်ပါတယ်။ နားလည်အောင်လည်း ရှင်းပြပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေလည်း လုပ်ထားတာရှိတယ်။ ဒါကြောင့် ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တာဝန်ယူတဲ့ ၅ နှစ်အတွင်းမှာ ငြိမ်းချမ်းရေး ရအောင်ကြိုးစားဖို့ လုပ်ထားတာ အောင်မြင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး ။ ။ လက်ရှိကာလမှာ နိုင်ငံတကာရဲ့ပိတ်ဆို့ကန့်သတ်မှုတွေ မြန်မာနိုင်ငံက ခံနေရပါတယ်။ အဆွေတော်တို့ နိုင်ငံကတချို့ ပုဂ္ဂိုလ်တွေလည်း ဒီပိတ်ဆို့မှုထဲမှာ ပါရှိနေပါတယ်။ စီးပွားရေးအရ အထီးကျန်မှုဖြစ်စေတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် မြန်မာပြည်သူလူထုအပေါ် ဘယ်လိုမျိုး ထိခိုက်နစ်နာစေသလဲဆိုတာကို သိရှိလိုပါတယ်။
ဖြေ ။ ။ ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ ဒီ sanction လုပ်တာနှစ်ခုရှိပါတယ်။ တစ်ခုက ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်လို့မရဘူး၊ ငွေတွေကိုထုတ်လို့မရဘူး၊ ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုငွေတွေကို သုံးလို့မရအောင် လုပ်တာပေါ့။ ဒီဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ကန့်သတ်တဲ့အတွက်ကြောင့် နိုင်ငံခြားကနေ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေမှာ အခက်အခဲဖြစ်သွားတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်တွေအတွက် ထိခိုက်တာတွေရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု မရတဲ့လူတွေအနေနဲ့ကတော့ သူတို့အတွက် အခက်အခဲရှိခဲ့ပါတယ်။
ဒီလိုပဲ ကျွန်တော်တို့သုံးဖို့အတွက်နဲ့ ပတ်သက်ပြီးတော့ ကန့်သတ်ထားတော့လည်း ကျွန်တော်တို့လိုချင်တဲ့ဟာတွေ ကျွန်တော်တို့သုံးလို့ မရတာရှိတော့ ပြည်တွင်းရဲ့ လိုအပ်ချက်တွေကို အပြည့်အဝကျွန်တော်တို့မသွင်းနိုင်တာတွေရှိတယ်။ အဲဒီတော့ အလုပ်အကိုင် အခွင့်အလမ်းတွေမရှိတာမျိုး ရှိလာတယ်၊ ခက်ခဲလာတယ်။ နောက်တစ်ခါပစ္စည်းတွေ ကျွန်တော်တို့ဝယ်ရတာ ခက်ခဲတာတွေရှိပါတယ်။ ဒီအတွက်ကြောင့် ပြည်တွင်းမှာ စီးပွားရေးအရတော့ အတိုင်းအတာတစ်ခုထိ ထိခိုက်မှုတော့ ရှိပါတယ်။
သို့သော်လည်းပဲ ကျွန်တော်တို့ကတော့ ပြည်တွင်းမှာ ဒီစားနပ်ရိက္ခာထုတ်လုပ်မှု လုံလောက်အောင် ကျွန်တော်တို့ထုတ်နိုင်တဲ့ အခြေအနေရှိတယ်။ ကျွန်တော်တို့က စားနပ်ရိက္ခာရှားတဲ့ တိုင်းပြည်မဟုတ်ဘူး။ ဒါကြောင့် ပြည်သူလူထုအတွက်တော့ စားနပ်ရိက္ခာနဲ့ပတ်သက်တာ ပူစရာတော့မရှိဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့က ခုနကကန့်သတ်ချက်တွေကြောင့် ထုတ်လုပ်မှုအပိုင်းမှာတော့ ကျွန်တော်တို့ အခက်အခဲရှိခဲ့တာတော့ အမှန်ပါပဲ။
မေး ။ ။ အဆွေတော်သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် ဘယ်လိုမျိုး စီမံဆောင်ရွက်သွားဖို့ စိတ်ကူးထားသလဲဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ကျွန်တော် ခုနကဖြေလိုက်တဲ့အထဲတစ်ခု ပါတယ်။ ကျွန်တော်တို့က စားနပ်ရိက္ခာပိုလျှံမှုရှိတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်တဲ့တိုင်းပြည်လို့ ပြောပါမယ်။ တကယ်လည်း ကျွန်တော်တို့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာနေပြီးတော့ ၅၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးမွေးမြူရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေလုပ်နေကြတဲ့ လူတွေဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်အောင် ကျွန်တော်တို့ စီးပွားရေးအရလုပ်တာပါ။ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးတဲ့စီးပွားရေးစနစ်ပါ။
နောက်တစ်ခါ agro-based industry ၊ စိုက်ပျိုးရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့လုပ်ငန်းနဲ့သွားတယ်။ ကျွန်တော်တို့မှာ industry ထောင်နိုင်တဲ့ လုပ်ငန်းတွေရှိတယ်။ အဲဒါဘာလဲဆိုလို့ရှိရင် ဝါစိုက်ပျိုးရေးလုပ်ငန်းတွေရှိတယ်။ ရော်ဘာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေရှိတယ်။ ဒါတွေကစက်မှုလုပ်ငန်းသွားလို့ရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်ကြမ်းရောင်းစရာ မလိုတဲ့ဟာတွေပါ။ ဒါတွေကျွန်တော်တို့က အားပေးပါတယ်။ ကုန်ထုတ်လုပ်မှု အားပေးတာပါ။
ခုနခင်ဗျားက ကျွန်တော်တို့ အခက်အခဲဖြစ်မလားဆိုပြီး ပြောတဲ့အခါ မှန်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ကုန်ထုတ်လုပ်မှုများများ လုပ်နိုင်လို့ရှိရင်၊ ပြည်သူလူထုက ထုတ်လုပ်နိုင်လို့ရှိရင် စီးပွားရေးကပိုကောင်းလာမှာပါ။ ခုနကပြောတဲ့ ကျေးလက်မှာ နေတဲ့လူတွေက ကုန်ထုတ်လုပ်မှု အဓိကဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့စီးပွားတက်လာလို့ရှိရင် ကျေးလက်တွေရဲ့ လူတွေရဲ့လူမှုစီးပွားဘဝ တက်လာလို့ရှိရင် သူတို့ရဲ့အခြေအနေလည်း တိုးတက်ကောင်းမွန်မှု ဖြစ်လာမှာပါ။ အဓိကကတော့ ကျေးလက်ကို စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ စက်မှုလုပ်ငန်းကိုသွားဖို့အတွက် ဦးတည်ပြီးလုပ်ပါတယ်။ ဒါတစ်ချက်ပါ။
နောက်တစ်ခုက MSME လုပ်ပါတယ်။ MSME က နိုင်ငံရဲ့ စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီတော့ ကျွန်တော့်လက်ထက်မှာ ဒါကိုအဓိကထားလုပ်တယ်။ အဲဒီကုန်ထုတ်လုပ်မှု ကနေ MSME ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းကို ကျွန်တော်သွားတာပါ။ အဲဒီအတွက်ကြောင့် စီးပွားရေးကတော့ သိသိသာသာ ကောင်းတာတော့ တွေ့တယ်။ ကျွန်တော် မြင်ပါတယ်။
မေး ။ ။ အဆွေတော် အခုသမ္မတအဖြစ် တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်သူတွေကို Trump နဲ့ အမေရိကန် အစိုးရအနေနဲ့ ဘယ်လိုကဏ္ဍမျိုးတွေကို အကူအညီပေးစေလိုသလဲ ဆိုတာလေး သိရှိလိုပါတယ်။
ဖြေ ။ ။ အမေရိကန်နဲ့ မြန်မာကတော့ ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ သံတမန်ဆက်ဆံမှုစတင်ခဲ့တယ်။ နှစ်ပေါင်း ၇၀ ၊ နှစ် ၈၀ နီးပါးရှိလာပြီ။ ၇၀ ကျော် ၈၀ တော့ရောက်ပြီပေါ့။ ကျွန်တော်တို့နိုင်ငံ နှစ်နိုင်ငံ ကတော့ ဝေးပါတယ်။ ကီလိုမီတာ ၁၃၀၀၀ လောက်ဝေးပါတယ်။ သို့သော်လည်းပဲ ဆက်ဆံမှုကတော့ တော်တော်လေး ကောင်းခဲ့တာပေါ့။ အမေရိကန်နဲ့မြန်မာက မိတ်ဆွေနိုင်ငံတွေလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲပေါ်မှာ မူတည်ပြီးတော့ အမေရိကန်နဲ့ဆက်ဆံရေးကတော့ အနိမ့်အမြင့် ရှိခဲ့တာရှိတယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံခြားရေးမူဝါဒက ကြားနေမူဝါဒကျင့်သုံးတယ်။ ဘက်မလိုက်တဲ့ ကြားနေမူဝါဒကျင့်သုံးတယ်။ ဗီယက်နမ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတို့၊ ကိုရီးယားမှာ ဖြစ်ခဲ့ တဲ့ စစ်ပွဲတွေမှာ ကျွန်တော်တို့ဘာတစ်ခုမှ ဝင်မပြောဘူး။ မပါဘူး။ ဒါကြောင့် ဆိုလိုတာကတော့ ကျွန်တော်တို့က ကြားနေနိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံတဲ့အခါမှာလည်း ကောင်းမွန်တာတွေ ရှိပါတယ်။ အဲဒီတုန်းကတော့ နိုင်ငံရေးရဲ့ အပြောင်းအလဲတွေကြောင့် နိုင်ငံတွင်းအခြေအနေနဲ့ ဒေသတွင်းအခြေအနေတွေကြောင့် အမေရိကန်-မြန်မာရဲ့ ဆက်ဆံရေးကလည်း အနိမ့်အမြင့် ဖြစ်ခဲ့တာရှိတယ်။
သို့သော် ကျွန်တော်တို့က ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနေတဲ့အချိန်ဖြစ်တယ်။ အမေရိကန်ကလည်း ဒီမိုကရေစီနိုင်ငံပဲ၊ ကျွန်တော်တို့လည်း ဒီမိုကရေစီနိုင်ငံပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက ဒီမိုကရေစီနိုင်ငံဖြစ်အောင်သွားနိုင်ဖို့ ဆိုလို့ရှိရင် ဒီမိုကရေစီအတွက်လိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှုတို့၊ ဖွံ့ဖြိုးမှုတို့ဒါတွေကိုတော့ အမေရိကန်ကနေ ပူးပေါင်းဆောင်ရွက်ပေးရင်တော့ အကောင်းဆုံးပါ။
ဒီမှာ နှစ်ချက်ပါ။ တစ်ခုကဘာလဲဆိုလို့ရှိရင် နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေနေတဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေပါ။ ပြည်ပမှာနေပြီးတော့မှ ကျွန်တော်တို့အပေါ်မှာ အမျိုးစုံတိုက်ခိုက်ပြောဆိုနေတဲ့ဟာတွေ၊ နောက်တစ်ခါကျွန်တော်တို့ကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ကြိုးစားနေတာတွေ ဒါတွေမဖြစ်ဖို့အတွက် အမေရိကန်ကတားဆီးပေးဖို့ လိုပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ကို စီးပွားရေးအရနဲ့ ငွေရေးကြေးရေးအရ ကျွန်တော်တို့ကို ကန့်သတ်ထားတာရှိတယ်။ ဒါတွေကို အမှန်အတိုင်း သုံးသပ်ပေါ့ဗျာ။ အမေရိကန်အစိုးရလည်း သုံးသပ်ပါ၊ အများကြီး အတွေ့အကြုံ ရှိပါတယ်။ ကျွန်တော်တို့ထက် အများကြီးမြင်ပါတယ်။ ဒီမိုကရေစီသက်တမ်းလည်း အများကြီးရှိပြီ။ ကျွန်တော်တို့မှာ အခုမှဒီမိုကရေစီကို စတဲ့တိုင်းပြည်ဖြစ်တော့ မြန်မာနိုင်ငံရဲ့အခြေအနေကို သုံးသပ်ပြီးတော့မှ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီးလို့ရှိရင် ခုနကပြောတဲ့ စီးပွားရေးအရ ပိတ်ဆို့ဆောင်ရွက်နေတဲ့ အချက်လေးတွေကိုလည်း လျှော့ပေါ့စဉ်းစားသွားမယ်။ လုပ်သွားမယ်ဆိုလို့ရှိရင်တော့ ပိုပြီးသင့်လျော်မယ်လို့ ကျွန်တော်က ပြောချင်ပါတယ်။
မေး ။ ။ မေးခွန်းက နှစ်ပိုင်းပါ ခင်ဗျာ။ တစ်ခုကတစ်ဦး၊ တစ်ယောက်ချင်း အပေါ်မှာ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားတာရယ်၊ ဒုတိယတစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ် ခဲ့တဲ့ အခြေအနေတွေအရ ဒီလိုမျိုးကန့်သတ်ပိတ်ဆို့ ထားတာတွေ ပြီးတော့ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ လူတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာတွေ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကိုရောဆိုလိုတာ ဖြစ်ပါသလား။
ဖြေ ။ ။ တစ်ဦးချင်းနဲ့ ပတ်သက်ပြီးတော့လည်း တစ်ဦးချင်းဘာတွေလုပ်သလဲ၊ ဒါတွေလည်းခင်ဗျားတို့ကြည့်ပါ။ ဒါကတော့ကျွန်တော်တို့ကတော့ လုပ်သင့်လုပ်ထိုက်တဲ့ တိုင်းပြည်အတွက် လုပ်သင့်တဲ့အလုပ်တွေ လုပ်ကြတာပဲလို့ ကျွန်တော်တို့က မြင်ပါတယ်။ တစ်ဦးချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ တိုင်းပြည်အတွက် လုပ်ကြတာပါ။ ဒါပေမယ့် နိုင်ငံတကာထိခိုက်အောင်၊ အမေရိကန်နိုင်ငံ ထိခိုက်အောင်လည်း ကျွန်တော်တို့ ဘာမှမလုပ်ဘူး။ တိုင်းပြည်အတွက် ထိခိုက်အောင်လည်း ဘာမှမလုပ်ဘူး။ တိုင်းပြည်ကောင်းဖို့အတွက် လုပ်ကြတာတွေပဲ ဖြစ်ပါတယ်။
မေး ။ ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂါလီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာ မူတည်ပြီးချမှတ်ထားတဲ့ အဲဒီကန့်သတ်ပိတ်ဆို့မှုတွေကိုလည်း ဖယ်ရှားပေးစေလိုတဲ့ အချက်ဆိုတာမှန်ပါသလားဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ရခိုင်နဲ့ပတ်သက်ပြီး ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘာတစ်ခုမှ သူတို့အပေါ်မှာ လုပ်ထားတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က သံသယရှင်းတယ်။ စိတ်ရှင်းတယ်။ တိုင်းပြည်အတွက် ကျွန်တော်တို့တိုင်းပြည်ရဲ့ လွတ်လပ်တဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်းပဲရှိတယ်။ ဒါတွေလည်းအခြေအနေမှန်လာကြည့်ပါ။ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ပြောတာလက်ခံပြီးတော့ လုပ်မယ်ဆိုရင်တော့ သတင်းအမှားပဲရပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့အခြေအနေအပေါ်မှာ သေချာလေးရှုမြင်သုံးသပ်ပြီး လုပ်မယ်ဆိုရင်လည်း အဖြေထွက်ပါလိမ့်မယ်။ ဒါကတော့ ကျွန်တော့်ဘက်က အမြင်ကို ပြောချင်ပါတယ်။
နောက်တစ်ချက်က ခုနအချုပ်အခြာအာဏာဆိုပြီးတော့ သုံးလိုက်တာတစ်ခုရှိတယ်။ အချုပ်အခြာအာဏာဆိုတဲ့ အထဲမှာလည်း ကျွန်တော်တို့က တည်ဆဲဥပဒေတွေ ရှိပါတယ်။ တည်ဆဲဥပဒေအရ ကျွန်တော်တို့ လုပ်ကြတာပါ။ ဥပမာအားဖြင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဘင်္ဂါလီနဲ့ပတ်သက်လို့ရှိရင် ကျွန်တော်တို့ နှစ်နိုင်ငံသဘောတူညီထားတဲ့ အချက်တွေရှိတယ်။ ဒီအချက်ပေါ်မူတည်ပြီး ကျွန်တော်တို့က လိုက်နာဖို့ ဘာမှဝန်လေးစရာ အကြောင်းမရှိဘူး။ သူတို့ရဲ့တည်ရှိနေမှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ အသိအမှတ်မပြုဘူး ကျွန်တော်မပြောဘူး။ ဒါကြောင့် အဲဒါအပေါ်မှာ တိုက်ခိုက်နေတာတွေ ရှိတယ်။ ဒါကတော့ လုံးဝမှားနေတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ သဘောတူညီထားတဲ့ အချက် အတိုင်းပဲ ကျွန်တော်တို့လုပ်မယ်။ လုပ်လို့ရှိရင် ဒီပြဿနာတွေ ရှင်းသွားမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒါလုပ်နိုင်ခွင့်ရဖို့လည်း လိုပါသေးတယ်။ ဒါကိုမလုပ်ရကောင်းလားဆိုပြီးတော့ ကျွန်တော်တို့အပေါ်မှာ အရေးယူပိတ်ဆို့မှု လုပ်တယ်ဆိုရင်တော့ ဒါကတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။
မေး ။ ။ အခုလက်ရှိကာလမှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ၅ နှစ်တာ စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာကို သိရှိရပါတယ်။ မြန်မာနဲ့ရုရှားနိုင်ငံကြား ဆက်ဆံရေး ဘယ်လိုရှိ သလဲ သိလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့နဲ့ အမေရိကန်က ၁၉၄၇ ခုနှစ် စက်တင်ဘာလမှာ သံတမန်ဆက်ဆံရေး ထူထောင်တယ်။ ရုရှားနဲ့ကျတော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ သံတမန်ဆက်ဆံမှုရှိတယ်။ ခင်ဗျားတို့ထက် နောက်ကျတယ်သူတို့က။ ဒါပေမယ့် သူတို့တိုင်းပြည်နဲ့က ကီလိုမီတာ ၆၀၀၀ လောက်ဝေးတယ်။ ရုရှားနိုင်ငံရဲ့ နောက်ခံအကြောင်းအရာပေါ့။ သူတို့ကလည်း နာဇီကိုတိုက်ခိုက်ခဲ့ရတာရှိသလို ကျွန်တော်တို့လည်း ဖက်ဆစ်ကို တိုက်ခိုက်ခဲ့ရတာရှိပြီး လွတ်လပ်ရေးရခဲ့ကြတာ။ သူတို့လည်းတိုင်းပြည်အတွက် ပြန်လည်ထူထောင်ခွင့်ရတာပဲ။ ဒီလိုနောက်ခံ background တူပါတယ်။ ရုရှားနိုင်ငံမှာလည်း နိုင်ငံရေးအပြောင်း အလဲတွေရှိတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးအပြောင်းအလဲတွေရှိတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးက အပြောင်းအလဲမရှိဘူး၊ ပုံမှန်ဆက်ဆံရေးရှိခဲ့တယ်။
ခုနပြောတဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ဒါလည်း သိပ်ကြီးကျယ်တဲ့ဟာတွေ မဟုတ်ပါဘူး။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မဟုတ်ပါဘူး။
နောက်တစ်ခုက ကျွန်တော်တို့နဲ့ရုရှားနဲ့က နှစ်ပေါင်းများစွာ ဆက်ဆံရေးကောင်းမွန်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ရုရှားနိုင်ငံက ပညာတော်သင်တွေ လက်ခံပေးတာတို့၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးတာတို့၊ နည်းပညာအကူအညီပေးတာတို့ အများကြီးရှိပါတယ်။ ဘာတစ်ခုမှ အကျိုးအမြတ်ယူတာမဟုတ်ဘဲ သူတို့လုပ်ပေးခဲ့တာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းထားတာဖြစ်ပါတယ်။
အခုတော့ ပညာရေးတို့၊ ကျန်းမာရေးတို့၊ နောက်ပြီးအဏုမြူစွမ်းအင်နဲ့ ပတ်သက်တဲ့ကိစ္စတို့၊ အာကာသနဲ့ပတ်သက်တဲ့ သဘောတူညီချက်တို့ ဒါတွေ ကျွန်တော်တို့ ရှိပါတယ်။ ဒါတွေအများကြီး သဘောတူညီမှု လုပ်နေတာ ရှိပါတယ်။ ဒါတွေက တချို့နိုင်ငံတွေနဲ့လုပ်ရတာ ကျွန်တော်တို့ ခက်တယ်။ ရုရှားကျတော့ ဒါတွေအကုန်လုံး ပူးပေါင်း ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ ဒါကြောင့် ရုရှားနဲ့ မြန်မာဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ သွားခဲ့ပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်ရှိတာတွေကို သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို သူတို့ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့လည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။
မေး ။ ။ အဏုမြူနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုလောက် ထပ်မံမေးမြန်းလိုပါတယ်။ ဒါကတော့အရပ်ဘက်အတွက် နျူကလီးယား စွမ်းအင်ကို သုံးမှာလား၊ ဒါမှမဟုတ် ကျန်တဲ့ တခြားရည်ရွယ်ချက်နဲ့ သုံးဖို့ရော ရှိပါသလားခင်ဗျာ။
ဖြေ ။ ။ အရပ်ဘက် လျှပ်စစ်ဓာတ်အားပေးလုပ်ဖို့ပါ၊ အဓိကလျှပ်စစ်စွမ်းအင်ပါ။ ၁၁၀ မဂ္ဂါဝပ်ရှိတဲ့ small modular ပါ၊ small modular အသေးအဖွဲလေးပါ။ ဒါလေးလုပ်တာ၊ ကျန်တာတော့ ဘာမှမရှိဘူး။ ကျန်တဲ့ရည်ရွယ်ချက်လည်းမရှိဘူး။ ရည်ရွယ်လုပ်လို့လည်းမရဘူး။ နိုင်ငံတကာမှာလည်း ဒါတွေမဟုတ်တာသွားလုပ်လို့လည်း ကျွန်တော်တို့ မရနိုင်ပါဘူး။
မေး ။ ။ နောက်တစ်ခုက အဆွေတော် မကြာသေးမီက ပေကျင်းကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာ ၁၈ ခုထိ ရေးထိုးခဲ့တာကို မှတ်သားရပါတယ်။ မြန်မာနဲ့တရုတ်အကြား နယ်စပ်ဒေသမှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေ အပါအဝင် အခုတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို အဆွေတော်တို့အနေနဲ့ ဘယ်လိုထင်မြင်ပါသလဲ သိရှိလိုပါတယ်။
ဖြေ ။ ။ တရုတ်နိုင်ငံနဲ့ကတော့ အိမ်နီးချင်းနိုင်ငံ၊ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံမို့ သူတို့နဲ့ဆက်ဆံရေးကတော့ အိမ်နီးချင်းဆက်ဆံရေးတော့ ရှိပါတယ်။ မြန်မာနိုင်ငံပေါ်မှာလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း တော်တော်လေးများပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်တဲ့ အခက်အခဲ ရှိတာတော့ အမှန်ပါပဲ။ ဒါတွေ ကျွန်တော်တို့ နှစ်နိုင်ငံသံတမန် နည်းလမ်းအရ တွေ့ဆုံဆွေးနွေးပြီးတော့မှ ဖြေရှင်းဆောင်ရွက်တာတွေ ရှိပါတယ်။ အတိုင်းအတာတစ်ခုထိ အောင်မြင်တာတွေလည်းရှိပါတယ်။ သို့သော် ဆက်လက်ဆောင်ရွက်ဆဲကိစ္စတွေ လည်းရှိတယ်။
ဒီတော့ ဘာပဲပြောပြော နှစ်နိုင်ငံကတော့ ခွဲခြား လို့မရဘူး။ နယ်နိမိတ်ထိစပ်နေတော့ ခွဲခြားလို့မရတဲ့ တိုင်းပြည်တွေဖြစ်တာပါ။ ဒါကြောင့် ကျွန်တော်တို့လည်း တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ အလေးထားပြီး ဆောင်ရွက်ပါတယ်။ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ တော်တော်များပါတယ်။ ရင်းနှီးမြှုပ်နှံမှုအများဆုံးထဲမှာလည်း ပါပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဆီမှာ လာရောက်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်၊ ကုန်သွယ်မှုတိုးချဲ့ခြင်းအားဖြင့် တိုင်းပြည်ရဲ့စီးပွားရေး အထောက်အကူရပါတယ်။
နောက်တစ်ခုကတော့ တရုတ်နဲ့မြန်မာက ယွမ်နဲ့ကျပ်တိုက်ရိုက်ပေးချေဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားတာရှိပါတယ်။ ခင်ဗျားပြောတဲ့ အမေရိကန်နဲ့က စီးပွားရေးပိတ်ဆို့မှုတွေ၊ ဘဏ္ဍာရေးပိတ်ဆို့မှုတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အခက်အခဲတွေရှိတယ်။ တရုတ်နဲ့ကျတော့ ကျွန်တော်တို့က ကျပ်နဲ့ယွမ် တိုက်ရိုက်ပေးချေဖို့ သဘောတူထားတာတွေ ကျွန်တော်တို့ လုပ်နေတာတွေ ရှိပါတယ်။
မေး ။ ။ တရုတ်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်အပေါ် တော်တော်လေး မှီခိုအားထားရတယ်ဆိုတာ မှန်ပါသလားခင်ဗျာ။
ဖြေ ။ ။ အဲဒီလိုတော့ မဟုတ်ဘူးဗျ။ မှီခိုအားထားတာ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံတကာနဲ့ အကုန်လုံးကူးလူး ဆက်ဆံမှု၊ သံတမန်ဆက်ဆံမှု၊ ကူးသန်းရောင်းဝယ်ဆက်ဆံမှုရော အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်တော့ ပိုပြီးတော့ အလေးထားပါတယ်။ အိန္ဒိယလည်းဒီလိုပဲလေ။ ကျွန်တော်တို့ အိန္ဒိယ၊ မြန်မာနဲ့တရုတ်သုံးနိုင်ငံက sandwich လို ကျွန်တော်တို့ ဖြစ်နေကြတာ။ အဲဒီတော့ အိန္ဒိယနဲ့လည်း ကျွန်တော်တို့ အလေးထားတာပဲ၊ တရုတ်နဲ့လည်း အလေးထားတာပဲ။ ဒီလိုတော့ရှိပါတယ်။
တရုတ်ကို လုံးဝမှီခိုတယ်တော့ မဟုတ်ဘူး။ သို့သော်လည်းပဲ တရုတ်ကတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးတာတွေ အများကြီးရှိပါတယ်။ တရုတ်ကလုပ်နေတဲ့ Belt and Road Initiative (BRI)ပေါ့။ ဒီစီမံကိန်းတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြန်မာနဲ့တရုတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစင်္ကြံဆိုတာရှိတယ်။ ဒါကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့လုပ်နေတာ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်တိုးတက်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်သူနဲ့ပဲဖြစ်ဖြစ် လုပ်ဖို့လိုတယ်။ တရုတ်နဲ့ကအများကြီးလုပ်တယ်။ ခင်ဗျားတို့ အမေရိကန်လာလုပ်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အကျိုးလုပ်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဘာမှမလုပ်စရာအကြောင်းမရှိဘူး။ ဥပဒေတွေနဲ့ ကျွန်တော်အကုန်ခွင့်ပြုပေးလို့ရတာပဲ။ အိန္ဒိယလည်း ဒီလိုပဲလုပ်တာပဲ၊ ထိုင်းလည်းအများကြီး လုပ်တာပဲ။ ကျွန်တော်အခု အိန္ဒိယသွားတယ်။ ထိုင်းသွားတယ်။ တရုတ်သွားတယ်။ ရုရှားသွားတယ်။ ဘယ်လာရုစ်သွားခဲ့တယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်ဖိတ်ခေါ်တယ်။ သူတို့လာလုပ်ကြတယ်။
တရုတ်ကလည်း အများကြီးလာလုပ်တယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ တရုတ်ကို လုံးဝမှီခိုတယ်ဆိုတာတော့ မဟုတ်ဘူး။ နိုင်ငံအားလုံးနဲ့ အကုန်လုံးပေါင်းပြီး ဆောင်ရွက်တယ်။ သို့သော် ပူးပေါင်းဆောင်ရွက်မှုအများဆုံးကတော့ တရုတ်ပဲ။ တရုတ်ကတော့ အများကြီးလုပ်တယ်။ အိမ်နီးချင်းလည်းဖြစ်တယ်။ သွားလာရတာလည်း လွယ်တယ်။ ဒီလိုတော့ရှိပါတယ်။ အိန္ဒိယကလည်းလာတယ်။ အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီး ရှိပါတယ်။
မေး ။ ။ အဆွေတော်သမ္မတကြီး ခင်ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ် ၃၃ နှစ် ကျခံနေရတဲ့အခါမှာ အဆွေတော်တို့အနေနဲ့ ပြစ်ဒဏ်ကို ၁၈ နှစ် လျှော့ချပေးခဲ့ပြီး ၁၃ နှစ် ပြစ်ဒဏ်ကို ကျခံရန်ကျန်ရှိဆဲဖြစ်ပါတယ်။ သူမရဲ့ အနာဂတ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး သိရှိလိုပါတယ်။
ဖြေ ။ ။ ဒီလိုအခြေအနေမျိုး မရောက်အောင်တော့ ကျွန်တော်တို့လည်း မျိုးစုံကြိုးစားခဲ့တာ။ သို့သော်လည်းပဲ ဒီလိုအခြေအနေမျိုးထိ ရောက်လာခဲ့တယ်။ အဲဒီတော့ သူ့ရဲ့အသက် အရွယ်အရ ကျွန်တော်တို့ အရေးယူထားတဲ့ ကိစ္စတွေရှိပါတယ်။ ပြစ်မှုပိုင်းဆိုင်ရာက ကျွန်တော်တို့ အရေးယူခဲ့တာဖြစ်ပါတယ်။ တကယ်လည်းပေါ်လွင်ပါတယ်။ သူ့ရဲ့ပထမဦးဆုံးစခဲ့တဲ့ ပြဿနာကတော့ ရွေးကောက်ပွဲမှာအနိုင်ရအောင် မတရားတဲ့နည်းနဲ့ရအောင် ကြိုးစားခဲ့တဲ့ဟာပါ။ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အထွေထွေရွေးကောက်ပွဲသည် အသက်ပါပဲ။ အဲဒီတော့ရွေးကောက်ပွဲမှာ မတရားသဖြင့်လုပ်ခဲ့တဲ့ဟာပါ။ ၂၀၂၁ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ဒါတွေစစ်ဆေးတွေ့ရှိချက်တွေ ကျွန်တော် website မှာ အကုန်တင်ထားပါတယ်။ မဲမသမာမှု ၃၀ ရာခိုင်နှုန်း မကလောက်ဖြစ်ခဲ့တာ။ တကယ်ဆိုးပါတယ်။ တိုင်းပြည်လည်း ဒီမိုကရေစီမှာတော့ ရုပ်အပျက်ဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း သူ့ကိုအရေးယူခဲ့တာရှိတယ်။
အဲဒီမှာမှ ထပ်ပြီးတော့ ပေါ်လာတာက အဂတိမှုတွေဖြစ်ပါတယ်။ တကယ်တော့ အရေးယူမယ်ဆိုတခြားအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဖြတ်ချလိုက်ပြီးတော့ ဒီလောက်လေးပဲ အရေးယူခဲ့တာ။ နောက်သူ့ရဲ့ အသက်အရွယ်အရပါ။ နောက်စေတနာစိတ် ပြီးတော့ ကျွန်တော်လုပ်နိုင်တဲ့ အခွင့်အာဏာအတွင်းကနေ ကျွန်တော်လျှော့ပေးလိုက်တာ။ ဒါပေမယ့် ကျွန်တော်တို့က အနာဂတ်ဆိုတာ ကြိုမမြင်နိုင်တော့ဘာဖြစ်မလဲ ကျွန်တော်မပြောနိုင်ဘူး။ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးတော့ လျှော့ပေါ့စဉ်းစားမယ့်အချက်တွေပေါ်လာလို့ ရှိရင်လည်း ကျွန်တော်တို့စဉ်းစားမှာပါ။ ဒါလည်း သူမအပေါ်မူတည်မယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။
နောက်တစ်ခုက သူ့ကိုလည်း ကျွန်တော်ကောင်းကောင်းထားပါတယ်။ မကြာသေးခင်က ကျွန်တော် ICRC ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးတယ်၊ ဓာတ်ပုံတွေ ထုတ်ဝေတယ်။ အိမ်မှာ စနစ်တကျထားပါတယ်။ ကျွန်တော် အကျဉ်းထောင်ထဲမှာ မထားဘူး။ သူ့ကို relax သက်သက်သာသာ နေရတဲ့ပြစ်ဒဏ်မျိုးပါ ကျွန်တော်တို့ ချထားတာဖြစ်ပါတယ်။ သူ့အပေါ်မှာ ကျွန်တော်အများကြီး သက်ညှာပါတယ်။
မေး ။ ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ် မူတည်ပြီးတော့ သူ့ရဲ့ နိုင်ငံရေးအရအခန်းကဏ္ဍ ဘယ်လိုဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျာ။
ဖြေ ။ ။ အဲဒါသူ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒါကြောင့် ခုနပြောတဲ့အချက် ရှေ့ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့မပြောနိုင်ဘူး။ အခြေအနေပေါ်မှာ အများကြီးတည်လိမ့်မယ်။ အဲဒီအပေါ်မူတည်ပြီးတော့ သူ့အတွက်အခွင့်အရေးရမှာပါ။ ဒါလည်းသူ့အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီအခြေအနေပဲရှိမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး ။ ။ အဆွေတော်က မန္တလေးမှာ မွေးခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်သားမိပါတယ်။ ပြီးတော့ အဆွေတော်ရဲ့ဖခင်ကလည်း အနုပညာရှင်တစ်ယောက်လို့ ပြောပါတယ်။
ဖြေ ။ ။ မန္တလေးမှာ ကြီးပြင်းတာပါ။ မွေးတာတော့ မန္တလေးမှာမဟုတ်ပါဘူး။ တခြားမြို့နယ်တစ်ခုမှာ မွေးဖွားတာပါ။ အဲဒီဒေသ ကျွန်တော်မကြာခဏသွားပါတယ်။ ခင်ဗျားကျွန်တော့်သတင်းနားထောင်ရင် တွေ့ပါလိမ့်မယ်။
မေး ။ ။ မိသားစု နောက်ခံအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း မေးခွင့်ပြုပါခင်ဗျာ။ ဖခင်က အနုပညာသမားဖြစ်တော့ အဆွေတော်သမ္မတကြီးအနေနဲ့ ငယ်ဘဝက ဘယ်လိုအခြေအနေမျိုးနဲ့ ဖြတ်သန်းကြီးပြင်းခဲ့တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ ခင်ဗျားမေးတော့လည်း နောက်ကြောင်း ပြန်စဉ်းစားရတာပေါ့။ ကျွန်တော့် မိဘတွေကတော့ မှန်ပါတယ်။ အဖေကတော့ အနုပညာသမားပန်းချီဆရာဖြစ်ပါတယ်။ ငယ်ငယ်ကတော့ ကျွန်တော်တို့ ကျောင်းမနေ နေအောင်ပံ့ပိုးတယ်။ ကလေးဆိုတော့ ကျောင်းမတက်ချင်လည်း အမေကကျောင်းရောက်အောင် ပို့ပေးခဲ့တယ်။
နောက်တစ်ခုကတော့ ငယ်ငယ်လေးနဲ့ ကိုရင်ဝတ်တာပါ။ ကျွန်တော်တို့ ထုံးစံရှိတယ်။ ရှင်ပြုတာပေါ့။ ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ ကိုရင်ဝတ်ရတယ်။ နှစ်ကြိမ်ဝတ်ခဲ့တယ်။ အဲဒီတော့ ဘာသာရေးနဲ့ ပတ်သက်ထိတွေ့မှုရှိတော့ ဘာသာ သာသနာ အဆုံးအမအောက်မှာ ကျွန်တော်တို့ နေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာမှာတော့ ကြီးတဲ့သူ ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်တဲ့သူ ကျတော့သနားကြင်နာတာပါ။ အချင်းချင်းကျတော့လည်း လေးစားမှုချစ်ခင်မှုရှိရပါတယ်။ ကြီးတဲ့သူကျတော့ ရိုသေမှုရှိတယ်။ ဒါကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာရဲ့ ထုံးစံပါ၊ ဒီအလေ့အကျင့်တွေ practice တွေ ကျွန်တော်ရအောင် မိဘတွေက လုပ်ပေးထားတယ်။ မိဘတွေက ကျောင်းရောက်အောင်ပို့ပြီး ပညာသင်ပေးတယ်။ အစ်ကို၊ အစ်မတွေက ကျွန်တော်တို့ကိုခေါ်ပြီးတော့ သင်ပေးတာတွေ ရှိတယ်။ ဒီလိုမျိုးနဲ့ ကျွန်တော်ကလေးဘဝ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်က စာဖတ်ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော့်မိဘတွေက စာဖတ်တာကို အားပေးပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့၊ မဂ္ဂဇင်းတို့၊ ဝတ္ထုတို့ အကုန်ဖတ်တယ်။ ကျွန်တော် စာကြည့်တိုက်သွားမယ်ဆိုလည်း မိဘတွေက အားပေးတယ်။ စာကြည့်တိုက် သွားခဲ့တယ်။ အားတဲ့အချိန်ဆို စာကြည့်တိုက်သွားတယ်။ ဒါတွေက ငယ်ငယ်ကတည်းက စာဖတ်တဲ့ အကျင့်ကို မိဘတွေကနေ လုပ်ပေးခဲ့တာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဝါသနာပါတယ်။ မိဘတွေကလည်း ဒီပုံစံရောက်အောင် သွင်းပေးတယ်။
သူငယ်ချင်းတွေနဲ့ စုပြီးတော့ စာဖတ်တဲ့အကျင့်ရှိတယ်။ အဲဒီ အကျင့်လေးတွေ ငယ်ငယ်ကတည်းက ရှိခဲ့တယ်။ သူငယ်ချင်းတွေနဲ့ နေကြတဲ့အကျင့်ပါ။ ကျွန်တော်တစ်ယောက်တည်း ဘယ်တော့မှ မနေဘူး၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင် ပြောဆိုတာ ကျွန်တော်အမြဲတမ်း လုပ်တာတွေရှိတယ်။ ဒီအကျင့်တွေက ငယ်ငယ်ကတည်းက ကျွန်တော်ယူလာခဲ့တယ်။ အဲဒီလိုကြောင့်လည်း အခုကျွန်တော် တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း ကျွန်တော်အများကြီး အထောက်အကူရခဲ့တာ တွေ့ပါတယ်။ အစ်ကို၊ အစ်မတွေရဲ့ ဆုံးမမှုတွေကလည်း ကျွန်တော့်အပေါ်မှာ အများကြီး အထောက်အကူ ရခဲ့တာပါ။
မေး ။ ။ ခုနက ပြောသလို သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ အကျင့်ကြောင့်မို့လို့ပဲ လူအများနဲ့ ဆောင်ရွက်ရတဲ့ တပ်မတော်ထဲကို ဝင်ရောက်ခဲ့တာ မှန်ပါသလား ခင်ဗျာ။
ဖြေ ။ ။ ဝါသနာလည်း ပါတာကြောင့် ဖြစ်ပါတယ်။
မေး ။ ။ အလုပ်တော့များနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒါပေမယ့် အားတဲ့အချိန်မှာ ဂေါက်ကစားတာလား၊ ရုပ်ရှင်ကြည့်တာလား၊ ဘယ်လို အပန်းဖြေတာမျိုး ဆောင်ရွက်ပါသလဲ ခင်ဗျာ။
ဖြေ ။ ။ ဂေါက်ရိုက်ပါတယ်။ ဟန်းဒီးကပ် ၁၈ ပါ။ လမ်းလျှောက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ခါးနာလို့ မရိုက်တာ ၁ နှစ်ရှိပြီ၊ ခါး မကောင်းလို့ ဂေါက်ရိုက်တာ ၁ နှစ် နားထားတယ်။
မေး ။ ။ အဆွေတော်သမ္မတကြီးအနေနဲ့ မြန်မာ့သမိုင်းမှာ ထားခဲ့ချင်တဲ့ သမိုင်းအမွေအနှစ်က ဘာဖြစ်မလဲ ခင်ဗျာ။
ဖြေ ။ ။ တိုင်းပြည်အတွက်ထားချင်တဲ့အမွေကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်ဖို့ဆိုတာ နံပါတ်တစ်အချက်ပါ။
နောက်တစ်ခုကတော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်ဖို့အတွက် ကျွန်တော်လိုချင်တယ်။ တိုင်းပြည်မှာ ပညာနဲ့ပတ်သက်ပြီး ပညာတွေပေါကြွယ်ဝတဲ့လူတွေ ပေါများအောင် ဆောင်ရွက်ပေးဖို့ပါ။
မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီဆိုတဲ့ နေရာမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကအမျိုးမျိုးရှိတယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီရှိတယ်။ ဥရောပရဲ့ ဒီမိုကရေစီ၊ ဥရောပတောင် မတူဘူး။ အာရှမှာလည်း ဒီမိုကရေစီနိုင်ငံတွေများတယ်။ မတူကြဘူး၊ ကွဲပြားခြားနားမှု ရှိတယ်။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့၊ ထုံးတမ်းစဉ်လာနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်ရအောင် လုပ်ပေးပါမယ်။
ခုနက ကျွန်တော်ပြောတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အခွင့်အရေးတွေ၊ federal အခွင့်အရေးတွေ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်၊ ဒါက ကျွန်တော်ထားချင်တဲ့နိုင်ငံရေးအရ မျှော်မှန်းချက်ပါ။ တိုင်းပြည်ကိုတော့ တကယ်အေးချမ်းသာယာတဲ့ တိုင်းပြည်၊ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနိုင်ငံ၊ ပညာတတ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမယ်။
- Log in to post comments