ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့်တွေ့ဆုံဆွေးနွေး
နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ ၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာဆီ ဘယ်လ်ဒီ တို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်အစိုးရမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော် သမ္မတအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များသွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုများဆောင်ရွက်ပြီး နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး က အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး နိုင်ငံတော်သမ္မတက အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာကြရာ အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
- Log in to post comments