Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဩဂုတ် ၂၀

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့ရှိ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မင့်စ်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး မင့်စ်မြို့မှ Grodno မြို့သို့ သွားရာလမ်းတစ်လျှောက် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လျက်ရှိမှုအခြေအနေများကို ရဟတ်ယာဉ်ပေါ်မှနေ၍ ကြည့်ရှုလေ့လာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Grodno မြို့လေဆိပ်သို့ ရောက်ရှိကြရာ Grodno ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Yuri Khadzhimuratovich နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Grodno မြို့လေဆိပ်မှ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပြီး ဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိကြရာ စက်ရုံအထွေထွေအတွင်းရေးမှူးချုပ် Mr. Lyashenko Igor Vasilyevich နှင့်တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံဧည့်ခန်းမ၌ Grodno ပြည်နယ်အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် Grodno ပြည်နယ်အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံ၏သမိုင်းကြောင်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေးနိုင်မှု၊ နှစ်အလိုက် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်မှု၊ စက်ရုံမှ ဘယ်လာရုစ်နိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများ ထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိမှု၊ ဓာတ်မြေဩဇာစက်ရုံမှ အခြားထုတ်ကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်လျက်ရှိမှု၊ ဈေးကွက်လိုအပ်ချက်ရှိသည့် နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိမှု၊ ဈေးကွက်သို့ ဖြန့်ခွဲရောင်းချလျက်ရှိမှုနှင့် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု၊ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံပြခန်းအတွင်း ပြသထားရှိသည့် ဓာတ်မြေဩဇာစက်ရုံပုံစံငယ်အား ကြည့်ရှုပြီး စက်ရုံအထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတော်သမ္မတထံ Grodno Azot ဓာတ်မြေဩစက်ရုံအမှတ်တံဆိပ်လက်ဆောင်အား ပေးအပ်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Grodno မြို့လေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ Grodno ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ Grodno Azot ဓာတ်မြေဩဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ ဂရော့ဒ်နိုမြို့ (Grodno) တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော ဥရောပတိုက်၏ အကြီးဆုံးနိုက်ထရိုဂျင်အခြေခံဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး နိုင်ငံပိုင်စက်ရုံကြီးတစ်ခုဖြစ်ကြောင်း၊ အဆိုပါစက်ရုံသည် အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea) နှင့် နိုက်ထရိုဂျင် ဓာတ်မြေဩဇာအမျိုးမျိုးကို အဓိကထုတ်လုပ်ပြီး ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေးနေသည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့လည်း တင်ပို့နေသည့် ဘယ်လာရုစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အရေးပါသော စက်ရုံကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။