နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန် ၂၆
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့်အတူ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော် ရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ယခုနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီသည် ယခင် ၁၉၈၉ ခုနှစ် နဝတခေတ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီးချိန်တွင် ငြိမ်းချမ်းရေးယူခဲ့သည့် နယ်မြေ များတွင် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်ခဲ့ပြီး အဆိုပါနယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်ရန် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ထိုအချိန်မှစတင်၍ အစိုးရအဆက်ဆက် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများပီပီပြင်ပြင်ဖြစ်သည်များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိသည့် လုပ်ငန်းများလည်းရှိခဲ့ကြောင်း၊ အဓိကအားဖြင့် နယ်စပ်ဒေသရှိတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဆိုရာတွင် ပြည်သူတစ်ဦးချင်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့်လွတ်လပ်ရေးရရှိပြီးချိန်တွင် ပါလီမန်စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်အတွင်း တိုင်းရင်းသားအချို့အနေဖြင့် အခွင့်အရေးတောင်းဆိုခြင်းများရှိကြောင်း၊ အလားတူပါလီမန်တွင် တိုင်းရင်းသားအမတ်များသီးခြားပေးထားခြင်းများရှိကြောင်း၊ သို့သော်အာဏာခွဲဝေရေးကိစ္စရပ်များကို ပြောဆိုလာခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဝိဝါဒကွဲပြားခြင်းဖြစ်ပေါ်လာခဲ့ကြောင်း၊ တိုင်းရင်းသားများ၏လိုလားချက်၊ နိုင်ငံရေးပါတီနှင့်အဖွဲ့အစည်းများ၏ လိုလားချက်များရှိခဲ့ကြောင်း၊ နိုင်ငံရေးအရတောင်းဆိုမှုများရှိသကဲ့သို့ တိုင်းရင်းသားရေးအရ တောင်းဆိုမှုများလည်းရှိခဲ့ကြောင်း၊ ထိုအချိန်က ပါလီမန်စနစ်ကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ကြိုက်နှစ်သက်သည့် နိုင်ငံရေးစနစ်ကိုဆောင်ရွက်နိုင်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဆိုရှယ်လစ်စနစ်ကိုသွားရန် ရေးဆွဲထားခြင်းမရှိသော်လည်း အချို့ပုဒ်မများတွင် ဆိုရှယ်လစ်စနစ်ကိုသွားနိုင်သည့်အခြေခံအချက်များ ထည့်သွင်းထားသည်ကိုတွေ့ရပြီး သမ္မတကြီး စဝ်ရွှေသိုက်၏ မိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကိုသွားရန် ထည့်သွင်းပြောကြားခဲ့မှုများရှိကြောင်း၊ ထိုအပေါ်တွင် ဆန့်ကျင်ဘက်အမြင်ရှိသူများ က၎င်းတို့လိုလားချက်များမရရှိနိုင်ဟုဆိုကာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြကြောင်း၊ သမိုင်းတွင်ဖြစ်ပေါ်ခဲ့သော လေ့လာသင့်သည့်ကိစ္စရပ်များဖြစ်ပြီး မိမိတို့တာဝန်ယူသည့်အချိန်တွင် ယခုကဲ့သို့သောဖြစ်စဉ်များမဖြစ်အောင် ဆင်ခြင်ဆောင်ရွက် နိုင်ကြောင်း။
ပါလီမန်ခေတ်တွင် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများသည် အစိုးရအနေဖြင့် သက်ဆိုင်ရာဥပဒေဖြင့်ကြည့်ပါက မှန်ကန်သော်လည်း နိုင်ငံရေးသမားများဘက်မှကြည့်ပါက ၎င်းတို့မဖြစ်မည်ကို စိုးရိမ်ကြကြောင်း၊ ထို့ကြောင့်နိုင်ငံရေးကို အကြမ်းဖက် နည်းလမ်းများဖြင့် ဆောင်ရွက်လာကြကြောင်း၊ ထိုအချိန်က မိမိတို့နိုင်ငံတစ်ခုတည်းသာမက လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိလာကြသည့် နိုင်ငံများတွင် နိုင်ငံရေးပဋိပက္ခများဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရကြောင်း၊ အချို့နိုင်ငံများတွင် နိုင်ငံရေးအငြင်းပွားမှုများဖြစ်ပေါ်ခဲ့သကဲ့သို့ အချို့နိုင်ငံများတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်အထိလည်း မိမိတို့နိုင်ငံအပါအဝင်အချို့နိုင်ငံများ၌ အဆိုပါပဋိပက္ခများမပြီးဆုံးသေးကြောင်း။
ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေ၏ အားနည်းချက်ကြောင့် အိမ်စောင့်အစိုးရမှ နိုင်ငံတော်တာဝန်ကိုထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး အိမ်စောင့်အစိုးရလက်ထက်တွင် သန့်ရှင်းသည့် ရွေးကောက်ပွဲကိုကျင်းပပြုလုပ်၍ အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုအချိန်တွင်တိုင်းရင်းသားများ၏ တောင်းဆိုမှုများပိုမိုပြင်းထန်လာခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း၊ ဗဟိုဦးဆောင်သည့် စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားများနှင့်ပတ်သက်သည့် ပြဿနာများကိုပြေလည်အောင် ဖြေရှင်းနိုင်မှုမရှိခဲ့ဘဲ အရှေ့မြောက်ဒေသများတွင် တိုက်ပွဲများပြင်းထန်လာခဲ့ကြောင်း၊ ပဋိပက္ခများဖြစ်ပွားမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများ များစွာနောက်ကျခဲ့ကြောင်း။
နယ်စပ်ဒေသအများစုသည် သွားလာရန်ခက်ခဲခြင်း၊ ဆက်သွယ်မှု ခက်ခဲခြင်း၊ တောတောင်ထူထပ်သည့်နေရာ၊ မြစ်ချောင်းအင်းအိုင်ပေါများသည့် ဒေသများ၊ လူဦးရေ နည်းပါးသည့်နယ်မြေ၊ ဘာသာစကားကွဲပြားသည့်နေရာများဖြင့် နိုင်ငံ့ဝန်ထမ်းများ အရောက်အပေါက်နည်းပါးသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ပြီး အဆိုပါအခက်အခဲများကို လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ၁၉၈၈ ခုနှစ်နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန်တွင် နိုင်ငံတော်အစိုးရက ထိန်းကျောင်းနိုင်မှုမရှိတော့သဖြင့် တပ်မတော်မှနိုင်ငံတော်တာဝန်ကို မလွဲသာမရှောင်သာ ဝင်ရောက်ထိန်းသိမ်းထမ်းဆောင်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများတွင်တွေ့မြင်နိုင်ကြောင်း၊ တပ်မတော်မှတာဝန်ယူပြီးနောက်ပိုင်းတွင် ပြည်သူလူထုတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ဆောင်ရွက်ပေးမည်ဟု ကတိပြုပြောကြားခဲ့ပြီး တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ရန်အတွက်လည်း ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်အခပ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တပ်မတော်၏ကွပ်ကဲမှုအောက်တွင် နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကားအဖြစ်ဖွဲ့စည်းသိမ်းသွင်းဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ရာ လက်ခံသည့်အဖွဲ့များရှိသကဲ့သို့လက်မခံသည့် အဖွဲ့များလည်းရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ပထမဒီမိုကရေစီအစိုးရသက်တမ်းကာလတွင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နောက်တွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက ကြိုးကိုင်ချယ်လှယ်ဆောင်ရွက်မှုများရှိသဖြင့် အခက်အခဲများအကြားမှ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းမှုမရှိသည့်ဒေသများ၌ ဖွံ့ဖြိုးတိုးတက်မှုများနောက်ကျခဲ့ရကြောင်း၊ ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး မိမိတို့သမိုင်းကို သိရှိအောင် ပြောကြားရခြင်းဖြစ်ကြောင်း။
မိမိတို့အစိုးရတာဝန်ယူချိန်တွင် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်ဆောင်ရွက်မည်၊ နိုင်ငံရေးမျှော်မှန်းချက်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်မာအောင်ဆောင်ရွက်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကိုတည်ဆောက်မည်ဟုပါရှိပြီးဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့သည့်နယ်မြေများကိုဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများမဟုတ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် ဒေသများလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ပြောကြားရာတွင် “ကွာဟမှုရှိနေတဲ့နယ်မြေတွေ ကွာဟမှုမရှိအောင် လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေ ဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော်အဲ့ဒီမှာလည်း ဒါ ပြောပါတယ်။ ရက်ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်း ရေး ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့အစိုးရကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင် ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ဒါကိုထပ်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကိုကြိုတင်ကန့်သတ်ချက်မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ပြောထားတယ်ဆိုပြီးတော့ ပြောကြတာ။ ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ ယူဆ၊ စကားကိုပေါက်ပေါက်ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့ လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ။ ကျွန်တော်ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါဆိုတာ ကျွန်တော်တို့လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော်ရအောင် ကြိုးစားတာ။ ကျွန်တော်ပြောတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ကျွန်တော်တို့က တကယ်လွတ်လွတ်လပ်လပ်နဲ့ ဟုတ်လား။ ပြောရရင်တော့ဗျာ ဟို မြင်းဇောင်းထဲက ထွက်လာတဲ့ မြင်းလို တစ်ခါထဲဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုကမသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အတားအဆီး တွေရှိနေတယ်။ အဲ့အတားအဆီးတွေက ပဋိပက္ခတွေပေါ့။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့က ဒါကိုပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကိုကျွန်တော်ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်လို့ရှိရင်လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်။”
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာတွင် ပြည်သူလူထု၏တောင်းဆိုချက်တွင် လူမှုစီးပွားဘဝများ တိုးတက်လိုကြ ကြောင်း၊ လူများသည် ရေကြည်ရာမြက်နုရာကို ရှာဖွေကြသဖြင့် မိမိတို့ဒေသတွင် အလုပ်အကိုင်များရရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မည်ဆိုပါက အခြားနေရာများသို့ သွားရောက်နေထိုင်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ဆူကြုံနိမ့်မြင့်ကွာခြားမှုများကို နည်းပါးအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အဆိုပါဒေသများအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရန်မဖြစ်မနေလိုအပ်ကြောင်း၊ တစ်ဖက်မှငြိမ်းချမ်းရေးကိုဖိတ်ခေါ်ဆောင်ရွက်ပြီး တစ်ဖက်မှလည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အဆိုပါဒေသများတွင် အားနည်းချက်များရှိနေသည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ မြှင့်တင်နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များရှိ လာရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှုများနှင့် ဆက်သွယ်မှုများလည်း ယခုထက်ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များရောက်ရှိစေရေးအတွက် ပြည်ထောင်စုမှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ထိထိရောက်ရောက်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာများတိုးတက်အောင်၊ ကျန်းမာရေးကောင်းမွန်အောင်ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ပြီး စားသောက်ကုန်များဖူလုံအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း။
နယ်စပ်ဒေသတိုင်းရင်းသားများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ၌ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ပညာရပ်များသင်ကြားပြီးဆုံးသည့်အချိန်တွင် ၎င်းတို့ဒေသ၌ပင် သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များကို ဝင်ရောက်ထမ်းဆောင်နိုင်ရန်လိုကြောင်း၊ အဓိကအားဖြင့် လူသားအရင်းအမြစ်လိုအပ်ချက်သည် အရေးကြီးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွင့်လှစ်ပေးထားသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏အနာဂတ်အတွက်အရေးကြီးသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရန်အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကောင်းအောင်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့တာဝန်ယူပြီးနောက်ပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆပ်ကော်မတီ ၇ ခုအတွက် ရန်ပုံငွေ ၁၃၉၇ ဘီလီယံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ၉ ခုအတွက်လည်း ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလီယံကိုခွင့်ပြုပေးထားကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် စံချိန်စံညွှန်းနှင့်ညီညွတ်အောင် ဟန်ချက်ညီညီဖြင့်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများအောင်မြင်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့်ကော်မတီဝင်များအနေဖြင့် စုပေါင်းအားဖြင့်အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ကောင်းမွန်သည့် ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အွန်လိုင်းလိမ်လည်မှုနှင့် မူယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ထိထိရောက်ရောက် နှိမ်နင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ၅ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ အသုံးစရိတ်များအား လျာထားတင်ပြထားသည့်အတိုင်း ဥပဒေနှင့်အညီခွင့်ပြုထားရှိမှု၊ နယ်စပ်ဒေသရှိ အခြေခံကျောင်းများအား ပညာသင်ထောက်ပံ့ကြေးများ ရွေးချယ်ချီးမြှင့်ပေးအပ်ခဲ့မှုနှင့် ဆရာ၊ ဆရာမလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နယ်စပ်ဒေသရှိကျောင်းများ၌ တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများအား ဖွဲ့စည်းထားရှိသည့် ဆရာ၊ ဆရာမများဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောက်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူစွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးလျက်ရှိမှု၊ နယ်စပ်ဒေသများ၌ လယ်ယာမြေဧကများ ဖော်ထုတ်ပေးခဲ့မှုနှင့် မျိုးစေ့များ၊ သွင်းအားစုများ ထောက်ပံ့ပေးခဲ့မှု၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေးအတွက် လမ်း၊ တံတားများ ဆောက်လုပ်ပြုပြင်ပေးလျက်ရှိမှုနှင့် သောက်သုံးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ စိုက်ခင်းဧကများ ဖော်ထုတ်ပြီး စိုက်ပျိုးလျက်ရှိမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဗဟိုကော်မတီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ကုန်သွယ်ရေးလမ်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး နယ်မြေစိုးမိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်မှု၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည့်အတွက် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်သွားရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူစွမ်းအားအရင်းအမြစ် မွေးထုတ်ပေးသည့် အခြေခံ ကျောင်းများ၌ ဒေသခံတိုင်းရင်းသား ဆရာ၊ ဆရာမများ ခန့်အပ်ပေးခြင်းအားဖြင့် ဒေသ၌နေထိုင်သည့် တိုင်းရင်းသားများ၏ ဘာသာစကားနှင့် အခြားအခက်အခဲများ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဘဏ္ဍာရေးနှစ်များအလိုက် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် လမ်း၊ တံတား၊ အဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျဆောင်ရွက်သွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားလူမျိုးများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာပြီး နားလည်မှု၊ ယုံကြည်မှုအပြန်အလှန် ရရှိလာပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုများ ပိုမိုရရှိနိုင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ဖြည့်စွက်ဆွေး နွေးကြသည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့ဗဟိုကော်မတီသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံဖြိုးတိုးတက်မှုကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပြီး ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းရင်းသားလူမျိုးအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့ဗဟိုကော်မတီ၏ ရည်ရွယ်ချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆောင်ရွက်မှုများကိုလည်း ပြန်လည်သုံးသပ်ရန်လိုကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဗဟိုကော်မတီစတင်ဖွဲ့စည်းချိန်မှစတင်၍ ယနေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့သည် တိုးတက်မှုလုပ်ငန်းပမာဏများကို ပြန်လည်စိစစ် သုံးသပ်ဆောင်ရွက်သွားရန်လိုကြောင်း။
ကျန်းမာရေးကဏ္ဍကိုဖြည့်ဆည်းဆောင်ရွက်ရာတွင် မိမိ၏မူဝါဒမှာ ဆေးရုံရှိပါက ဆရာဝန်ရှိရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားများအတွက် အထူးပြုထားခြင်းဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ထိထိရောက်ရောက် အကျိုးရှိစွာဖြင့် အသုံးချဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းရင်းသားများနှင့်ပတ်သက်၍ အသိပညာပေးမှုများကို ထုတ်ပြန်ဆောင်ရွက်ရာတွင်လည်း စိတ်ပါဝင်စားစွာဖြင့် အကြောင်းအရာများကို သိရှိနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကျွမ်းကျင်သည့်လုပ်သားများနှင့် ပညာရှင်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာရန်အရေးကြီးကြောင်း။
ဒေသဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ စပါးစိုက်ပျိုးရန်အတွက် အခက်အခဲရှိပြီး ဒေသဝမ်းစာဖူလုံမှုမရှိသည့်ချင်းပြည်နယ်ကဲ့သို့သော ဒေသများတွင် ဝမ်းစာဖူလုံရေးအတွက် ဝဥများစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အလားတူအဆိုပါဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် လက်ဖက်၊ ကော်ဖီနှင့် ထောပတ် စိုက်ပျိုးခြင်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်ပြီး ဒေသဝင်ငွေ တိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း။
ဝေးလံခေါင်ပါးသည့်နယ်စပ်ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ၎င်းတို့ကိုတာဝန်ထမ်းဆောင်ရမည့် နေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်စေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွား ကြရမည်ဖြစ်သကဲ့သို့ ၎င်းတို့၏သက်သာချောင်ချိရေးနှင့် ရပိုင်ခွင့်များကိုလည်း ဖန်တီးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အမှန်တကယ်ဝေးလံခေါင်ဖျားသည့် ဒေသတွင်ရှိသည့် တိုင်းရင်းသားမျိုးနွယ်စုများထံ ရောက်ရှိအောင်သွားရောက်ပြီး နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးရန်လိုကြောင်း၊ ဒေသခံပြည်သူများ၏အသံများ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏အသံများကို နားထောင်၍ ထိရောက်သည့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
- Log in to post comments