ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန် ၂၅
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအတွင်းရေးမှူး၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယကနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ခုတွင် စီးပွားရေးအားကောင်းမွန်မှသာ နိုင်ငံတည်ငြိမ်မှုရှိမည်ကို ဖြတ်သန်းလာခဲ့ရသည့်အတွေ့အကြုံများနှင့် အခြေအနေများအရသိရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သဖြင့် စီးပွားရေးမောင်းနှင်အား ကောင်းမွန် အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် အရင်းအနှီးနည်းနည်းဖြင့် အရေအတွက်များများ ဆောင်ရွက်နိုင်သည်မှာ MSME လုပ်ငန်းများဖြစ်ပြီး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက တိုင်းပြည်၏စီးပွားရေးအတွက် များစွာအထောက်အပံ့ပေးနိုင်ခြင်းကြောင့် MSME လုပ်ငန်းကို အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။
MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိကပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံ၏ စီးပွားရေးကိုအားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်၊ တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများ တိုးမြှင့်ရရှိရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် GDP နည်းပါးကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို MSME လုပ်ငန်းများဖြင် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာမည်ဖြစ်ပြီး တစ်ဦးချင်းဝင်ငွေများရရှိကာ ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်ဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်လာကာနိုင်ငံ၏ GDP တိုးတက်စေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်ပသွင်းကုန်များကို အများအားဖြင့် တင်သွင်းဆောင်ရွက်ကြရပြီး မိမိတို့အနေဖြင့်လည်း ပြည်ပမှသွင်းကုန်များကို နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ပြည်ပသွင်းကုန်များကိုလျှော့ချနိုင်ရေး ပြည်တွင်း ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ကုန်သွယ်မှုလိုငွေများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပြည်ပသို့လည်းတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိသည့် ထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာဖြင့်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက ပစ္စည်းပိုကောင်းရမည်ဖြစ် ကြောင်း၊ ပို့ကုန်များတိုးတက်များပြားလာပါက နိုင်ငံခြားလိုငွေများနည်းပါးလာပြီး နိုင်ငံ၏ဝင်ငွေနှင့် ထွက်ငွေများ မျှတလာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပိုလျှံငွေများဖြစ်ပေါ်လာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများသည် နိုင်ငံအတွက်အရေးပါသည့် စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်ကြောင်း။
ဒီမိုကရေစီပထမစိုးရသက်တမ်းကာလတွင် SME လုပ်ငန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် MSME လုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ SME လုပ်ငန်းများကို ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက်အရေးကြီးသဖြင့် ၂၀၂၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ဗဟိုကော်မတီကို မိမိကိုယ်တိုင်ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။
အဓိကအားဖြင့် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ရန်အတွက် မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်မည်၊ မည်ကဲ့သို့ကောင်းအောင်ဆောင်ရွက်မည်ဆိုသည့် စိတ်များရှိရန်လို ကြောင်း၊ စီးပွားရေးအားကောင်းအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း မိမိတို့တိုင်းပြည်အပေါ် ယုံကြည်ကိုးစားမှုများဖြစ်ပေါ်လာပြီး နိုင်ငံကိုချစ်သည့်စိတ်၊ နိုင်ငံတော်ကိုကာကွယ်လိုသည့်စိတ်များ ရှိလာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားများရှိလာမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မည်ဆိုပါက နိုင်ငံတော်ကိုကာကွယ်လိုသည့် စိတ်ဓာတ်များလည်း မြင့်မားလာမည်ဟုပြောကြားလိုကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ပြီး လူသားအရင်းအမြစ်များ များစွာရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကဏ္ဍနှင့်ဆက်နွယ်နေသည့်လုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများကိုမြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ အဓိကဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားလာစေရေးနှင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်စေရေး မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ဝင်ငွေကိုပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထိုသို့တန်ဖိုးမြှင့် Value added ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် MSME လုပ်ငန်းများဖြင့်ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောပစ္စည်းများထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများတွင်အဓိကအားဖြင့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ MSME လုပ်ငန်းများတိုးတက်စေရေး တွေ့ဆုံဆွေးနွေးပွဲများကို အကြိမ်ပေါင်း ၄၀ ကျော်အထိ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ သွားရောက်ချိန်တွင် MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများလိုအပ်ချက်ရှိသည်ဟု တင်ပြကြကြောင်း၊ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် မိမိတို့ဒေသတွင်းနှင့် ပြည်တွင်း၌ရှိပြီးဖြစ်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းသည် အသေချာဆုံးသော ကုန်ထုတ်လုပ်ငန်းပင်ဖြစ်ကြောင်း၊ လိုအပ်ချက်ရှိပါကလည်း အရေးကြီးသည့်ကုန်ကြမ်းများတင်သွင်းနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သွင်းအားစုတွင် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားများပါဝင်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်ရှိသော်လည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့်ပတ်သက်၍လည်း နိုင်ငံတော်မှလျှပ်စစ်ဓာတ်အားများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိသည့်ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်နိုင်ကြောင်း။
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ပြည်သူများဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း၊ သွင်းအားစုများနှင့်ပတ်သက်၍ နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အရင်းအနှီးနှင့်ပတ်သက်၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
လူသားအရင်း အမြစ်လိုအပ်ချက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံလူဦးရေ၏ ၂၅ ရာခိုင်နှုန်းကျော်မှာ လူငယ်များဖြစ်သဖြင့် လူငယ်များအသိပညာ၊ အတတ်ပညာများ တိုးတက်လာစေရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းရည်၊ စွမ်းအားရှိသောလူငယ်များဖြင့် တည်ဆောက်နိုင်ရေးလူငယ်များ၏ စွမ်းရည်တိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်သော လူငယ်ရေးရာဝန်ကြီးဌာနကို မိမိတို့အစိုးရလက်ထက်တွင် တိုးချဲ့ဖွဲ့စည်းပေးထားကြောင်း၊ အလားတူ နိုင်ငံလူဦးရေ၏ ၅၂ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက်လည်း အမျိုးသမီးရေးရာဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ အမျိုးသမီးများဆောင်ရွက်၍ရသည့်လုပ်ငန်းများကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာမည်ဖြစ်ကြောင်း။
ပြည်သူများ အလုပ်အကိုင်ရရှိရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံလုပ်ငန်းများနှင့်ပတ်သက်သည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ တစ်ဖက်မှလည်း ပြည်သူများ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလုပ်လုပ်နိုင်သည့်အရွယ်တွင် အလုပ်လုပ်နိုင်ရေး အခြေခံပညာအလယ်တန်းအဆင့်မှစ၍ စက်မှုနှင့်စိုက်ပျိုးမွေးမြူရေးအခြေခံပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသည့် သီနှံများအလိုက်မျိုးကောင်းရန်လိုသကဲ့သို့ စိုက်ပျိုးရေနှင့် အောင်ရေများလည်း လုံလောက်စွာရရှိရန်အရေးကြီးကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန်များပိုမိုတိုးတက်အောင်ထုတ်လုပ်နိုင်ခြင်းဖြင့် MSME ကုန်ထုတ်လုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အခြေခံကျပြီး Agro-based Industries ကိုလည်း ဆက်လက်ဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း။
အောင်မြင်စွာဆောင်ရွက်နိုင်သည့် MSME လုပ်ငန်းများတွင် ဝါ လုပ်ငန်းလည်းပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဧက ၅ သိန်းကျော်ခန့်ရှိကြောင်း၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှချည်၊ ချည်မှ အထည်ကို အဆင့်ဆင့်ထုတ်လုပ်ရကြောင်း၊ ဝါစေ့ဆီကိုလည်း ထုတ်လုပ်၍ရပြီး ဝါကြိတ်ဖတ်များကိုလည်း တိရစ္ဆာန်အစာအဖြစ်အသုံးပြုနိုင်ကြောင်း၊ ဝါလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အကျိုးအရှိဆုံးနှင့် အကောင်းဆုံးလုပ်ငန်းပင်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင် ဖြစ်ထွန်းစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
အလားတူ မိမိတို့နိုင်ငံတွင် သဘာဝအရပေးထားသည့် ဝါးများ များစွာရှိကြောင်း၊ ဝါးမှ စက္ကူပျော့ဖတ်နှင့် ဝါးကိုအခြေခံသည့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ မကြာမီရက်ပိုင်းက မိမိတရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်သွားရောက်စဉ်ကလည်း ဝါးမှအဝတ်အထည်နှင့် အခြားလူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်းကို သွားရောက်လေ့လာခဲ့ကြောင်း၊ သဘာဝမှ ပေးထားသည့် ဝါးကိုအခြေခံသည့် MSME လုပ်ငန်းကို ဆောင်ရွက်နိုင်ကြောင်း။
မိမိတို့နိုင်ငံတွင် ရာဘာကိုအခြေခံသည့် လူသုံးကုန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများအတွက် တာယာများနှင့် ကျွတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ရာဘာကုန်ကြမ်းများကို ပြည်ပသို့တင်ပို့ခြင်းထက် ပြည်တွင်း၌ MSME လုပ်ငန်းများဖြင့် ကုန်ချောများကို ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ကော်ဖီသည်လည်း ကမ္ဘာပေါ်တွင် ဈေးကွက်လိုအပ်ချက် ကြီးမားကြောင်း၊ ထို့ကြောင့်ကော်ဖီစိုက်ပျိုးမှုကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ရန်လိုကြောင်း၊ Agro-based industries ကို ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်စက်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပမာအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးစေ့ချကိရိယာ (Seed Feeder) များထုတ်လုပ်ခြင်း၊ ကောက်စိုက်စက်၊ ချွေလှေ့စက်နှင့် ရိတ်သိမ်းစက်များကို MSME စက်မှုလုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း MSME ပြပွဲများနှင့် ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ပြီး အတွေ့အကြုံများဖလှယ်နိုင်ခဲ့ခြင်းကြောင့် MSME လုပ်ငန်းများယခင်ကထက် ပိုမိုတိုးတက်လာသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများတွင် အဓိကအားဖြင့် အစားအသောက် ထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်သည်ကိုတွေ့ရှိရပြီး ကုန်ပစ္စည်းများ ထုပ်ပိုးမှုများပိုမိုတိုးတက်ကောင်းမွန်လာခြင်းနှင့် ထုတ်ကုန်များအရည်အသွေးတိုးတက်လာခြင်းသည် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်နိုင်ခြင်းကြောင့်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ထုပ်ပိုးမှုများနှင့်ကုန်ပစ္စည်းများ၏ အရည်အသွေးများကောင်းမွန်လာခြင်းကြောင့် ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိလာကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသတွင်းရှိ MSME လုပ်ငန်းများတိုးတက်စေရေး အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဆိုသည့်အတိုင်း မိမိတို့အနေဖြင့် MSME လုပ်ငန်းများကို အောင်မြင်အောင်အားပေးဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ(၁) ဦးညိုစော က MSME လုပ်ငန်းကော်မတီအနေဖြင့် ပြည်တွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန် MSME အေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့တို့ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများဖြစ်သည့် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သတင်းအချက်အလက်များရရှိရေး၊ အခြေခံအဆောက်အဦနှင့် စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းဖန်တီးရေးကိစ္စရပ်များအား MSME အေဂျင်စီနှင့် ဒေသဆိုင်ရာအေဂျင်စီများအဆင့်ဆင့်ဖွဲ့စည်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားများဖြစ်သောကြောင့် MSME လုပ်ငန်းကော်မတီအနေဖြင့် ဗဟိုကော်မတီ၏ မူဝါဒဆိုင်ရာလမ်းညွှန်မှာကြားချက်များနှင့်အညီ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် ဗဟိုကော်မတီအစည်းအဝေးကျင်းပခဲ့မှုအခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်မှုများနှင့် ပြည်ထောင်စုအဆင့်ပြပွဲများကျင်းပခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နာယကတို့က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဥပဒေအသစ်ပြင်ဆင်ပြဋ္ဌာန်းရန် ရေးဆွဲလျက်ရှိသည့် MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့်အကာအကွယ်ပေးရေးဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်း ဆောင်ရွက်သင့်သည့်အချက်များ၊ MSME လုပ်ငန်းများအနေဖြင့် ကျန်းမာရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သွားရန် လိုအပ်သည့်အချက်များ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ပေး လျက်ရှိမှုအခြေအနေများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထိရောက်စွာ အထောက်အကူဖြစ်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် MSME Center များ ဆောင်ရွက်သင့်သည့်အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့တက်ကြွစွာဖြင့် ဝိုင်းဝန်းဆွေးနွေးပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများသိရှိပြီး မိမိတို့ဒေသအလိုက် မည်ကဲ့သို့အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားနိုင်မည်ကို သိရှိစေလိုခြင်းဖြစ်ကြောင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ဘဏ်များအနေဖြင့် အိမ်ခြံမြေဈေးကွက်များ၌ အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံခြင်းများအစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများရရှိရေးအတွက် သင်တန်းများဖွင့်လှစ်ရာတွင် ကာလတိုမဟုတ်ဘဲ အမှန်တကယ်တတ်မြောက်အောင်မြင်အောင် သင်ကြားပေးရန်လိုကြောင်း၊ ထို့ပြင် သင်တန်းများတက်ရောက်ပြီးပါကလည်း လက်တွေ့လုပ်ငန်းကို တိုက်ရိုက်အထောက်အပံ့ပေးနိုင်မည့် မွမ်းမံသင်တန်းများကိုလည်း သင်ကြားပေးသွားရန်လိုကြောင်း၊ လိုအပ်ပါကသီးခြားဘာသာရပ်အလိုက် ပညာသင်ဆုများပေးခြင်းဖြင့်လည်း မွေးထုတ်လေ့ကျင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင်ဖြစ်ကြောင်း၊ စက်မှုနှင့်စိုက်ပျိုးမွေးမြူရေးပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားသင်ယူလာစေရေးအတွက်လည်း မီဒီယာအခန်းကဏ္ဍမှ အသိပညာပေးခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာပေးခြင်းဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာလူတန်းစားအလွှာအသီးသီးအတွက် လွယ်ကူရှင်းလင်းစွာဖြင့် နားလည်နိုင်ရန်နှင့် ထိထိရောက်ရောက်ဖြစ်ရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့်စာအုပ်စာပေများကိုလည်းထုတ်ဝေခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် MSME စီးပွားရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားနိုင်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ဒေသအလိုက်ဝန်ဆောင်မှုကောင်းများပေးနိုင်ခြင်းဖြင့် ဒေသ၏လူမှုစီးပွားဘဝများသည်လည်းတိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
စုပေါင်းဆောင်ရွက်ခြင်းသည် အားကို ဖြစ်စေနိုင်သောကြောင့် MSME ကုန်ထုတ်လုပ်ငန်းများကို စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားမည်ဆိုပါကလည်း များစွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံချက်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များကို အခြေခံ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တင်ပြသည့် အချက်အလက်များအနေဖြင့် မှန်ကန်မှုရှိရန်အထူးအရေးကြီးကြောင်း၊ မိမိတို့ဒေသအလိုက် စက်မှုရပ်ကွက်များ၊ စက်မှုဇုန်များတည်ထောင်ရာတွင်လည်း စနစ်တကျဖြစ်ရန်လိုကြောင်း၊ လူနေရပ်ကွက်များနှင့် စက်မှုလုပ်ငန်းဆောင်ရွက်သည့်နေရာများသည် ရောယှက်၍မရသဖြင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်လည်းလိုကြောင်း။
ဉာဏ်ရည်တုနည်းပညာ AI သည်လည်း အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် MSME လုပ်ငန်းများ ဆောင်ရွက်ရာ၌ နည်းပညာကို မျက်ခြည်မပြတ်အသုံးချဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဈေးကွက်လိုအပ်ချက်ကိုသိရှိရန်နှင့် လိုအပ်ချက်ပြည့်မီစွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဈေးကွက်သိရှိနိုင်ရေးနှင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်ကျယ်ပြန့်သည့်ကိစ္စရပ်ဖြစ်ပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတမှ ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်အသေးစိတ် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန်လိုကြောင်း။
ယခုအစည်းအဝေးသည် မိမိတို့အစိုးရသစ်၏ ပထမအကြိမ်ပြုလုပ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစည်းအဝေးဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးမှ ဆွေးနွေးချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိစေရေးဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”ဟု ချမှတ်ထားသည့် ဆောင်ပုဒ်အတိုင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး မိမိတို့အနေ ဖြင့် အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝသယံဇာတနှင့် ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီး အမှန် တကယ်အလုပ်လုပ်ကြရန်နှင့် စည်းလုံးညီညွတ်မှုရှိရန်သာလိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာဖြင့် ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံ့စီးပွားရေးမလွဲမသွေ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးကောင်းမွန်လာပါက နိုင်ငံတော်တွင် တည်ငြိမ်လုံခြုံအေးချမ်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့တာဝန်ယူထားရသည့်ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments