ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် H.E.Mr. Kitti Settha Pandita CHAM Prasidh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်နှင့်အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Cheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေများ၊ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
- Log in to post comments