၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်း
( ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် )
အားလုံးမင်္ဂလာပါ ခင်ဗျာ
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့တဲ့ နှစ် (၃၀) ပြည့်မြောက်တဲ့နေ့ လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုပါကြောင်းနဲ့ ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုတဲ့ နေ့လည်းဖြစ်တဲ့အတွက် များစွာဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့အခမ်းအနားဟာ နှစ်ပေါင်း (၃၀) ကာလအတွင်း အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုတွေကို ပြန်လည် အမှတ်ရခြင်းသာမက အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း တွေကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားမယ့် ကတိကဝတ် တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မြန်မာအမျိုးသမီးများဟာ ရှေးယခင်ကတည်းက မိသားစုဘဝသာယာရေး၊ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိကြပါတယ်။ ကျေးလက်ဒေသတွေကအစ မြို့ပြဒေသများအထိ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ နိုင်ငံတော်အတွက် ထိရောက်တဲ့ အင်အားတစ်ရပ်ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအနေနဲ့ ၁၉၉၅ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံက ချမှတ်ခဲ့တဲ့ ဘေဂျင်း လုပ်ငန်းစီမံချက်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ကဏ္ဍ (၁၂)ရပ်ကို သတ်မှတ်ပေးခဲ့ပြီး ယနေ့အချိန် အထိ နိုင်ငံတကာအသိုက်အဝန်းအတွက် အရေးပါတဲ့ လမ်းညွှန်ချက်တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအပါအဝင် အမျိုးသမီးများအား “နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း” ကို ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးနဲ့ တန်းတူအခွင့်အရေး ရရှိရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅) ဖြစ်တဲ့ ကျား၊ မ တန်းတူညီမျှမှုရရှိရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေးကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါတယ်။
ဒီလိုဆောင်ရွက်နေပေမယ့်လည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာလည်း ဆက်လက်တည်ရှိ နေဆဲ ဖြစ်ပါတယ်။ UN Women အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ “စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ တိုးတက်မှုများအတွက် ၂၀၂၅ ခုနှစ် ကျား မ တန်းတူညီမျှရေး ခြုံငုံသုံးသပ်ချက် အစီရင်ခံစာ” အရ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ် ၃၅၁ သန်း ခန့်ဟာ အလွန်ဆင်းရဲနွမ်းပါးမှုအခြေအနေမှာ ဆက်လက်နေထိုင်ရ နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်ကနေ ၄၉ နှစ် အတွင်း အမျိုးသမီး ၈ ဦးမှာ ၁ ဦးဟာ မိသားစုအတွင်း အကြမ်းဖက်မှုကို ခံစားခဲ့ရကြောင်း တွေ့ရှိရပါတယ်။ ဒါတွေကို လျော့နည်းသွားအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းရှိ လွှတ်တော်များမှာ အမျိုးသမီးကိုယ်စားလှယ်များရဲ့ ပါဝင်မှုနှုန်းအနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ၂၇ ဒသမ ၂ ရာခိုင်နှုန်းရှိလာပြီး ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာတာတွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ ဆုံးဖြတ်ချက် ချမှတ်မှုအဆင့်ဆင့်မှာ အမျိုးသမီးများရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ပါဝင်မှုနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
အာဆီယံဒေသအတွင်းမှာလည်း အမျိုးသမီးများရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ကျား၊ မ တန်းတူညီမျှမှု ဖော်ဆောင်ရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံများအကြား အတွေ့အကြုံများဖလှယ်ခြင်း၊ မူဝါဒနဲ့ အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား၊ မ တန်းတူညီမျှမှုမြှင့်တင်ရေးအတွက် အဓိကမဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်တဲ့ “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော် အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)” ကို ဘေဂျင်းလုပ်ငန်း စီမံချက်ရဲ့ အရေးကြီးကဏ္ဍ (၁၂)ရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
မဟာဗျူဟာစီမံကိန်းရဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ အနာဂတ်ကို ပုံဖော်ပေးတဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်မောင်းနှင်ပေးတဲ့ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးကဏ္ဍ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ် အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့် ရှိပေမယ့်လည်း အသက် ၁၅ နှစ်နဲ့အထက် စာတတ်မြောက်မှုနှုန်းမှာ အမျိုးသားများဟာ ၉၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသမီး ၉၀ ဒသမ ၉ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးများရဲ့ စာတတ်မြောက်မှုနှုန်းဟာ မြို့ပြမှာ ၉၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်မှာ ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပါတယ်။ မြို့ပြနဲ့ကျေးလက်များအကြားမှာ ပညာရေး ကွာဟ ချက်များ ရှိနေဆဲဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စာတတ်မြောက်မှုနှုန်းအနေနဲ့ တစ်နိုင်ငံလုံး ပျမ်းမျှနှုန်းထက် သိသိ သာသာ နည်းပါးနေတာကို တွေ့ရှိရပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ပညာရေးကဏ္ဍမှာ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ ပညာသင်ယူခွင့်နဲ့ စွမ်းဆောင်ရည် မြှင့်တင် ရေးကို ပိုမိုအလေးထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့ပြနဲ့ ကျေးလက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ပညာရေး ကွာဟချက်တွေကို လျှော့ချနိုင်ဖို့နဲ့ အမျိုးသမီးများအတွက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ လေ့ကျင့် သင်ကြားရေး အခွင့်အလမ်းတွေ ပိုမိုရရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးအားဖြင့် ကျေးလက်နေ ကျောင်းနေအရွယ် အမျိုးသမီးငယ်များအားလုံး ကျောင်းတက်နိုင်ရေး၊ အနည်းဆုံး KG+9 သင်ယူနိုင်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ ကျေးရွာ စာကြည့်တိုက်ငယ်များ ဖွင့်လှစ်ပြီး စာပေလေ့လာဖတ်ရှုရေး၊ ဗဟုသုတများ ရရှိရေးတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း အလေးထား မှာကြားလိုပါတယ်။
တစ်နိုင်ငံလုံးအနေနဲ့ အသက် ၁၅ နှစ်နဲ့အထက် လုပ်သား အင်အားပါဝင်မှုနှုန်းမှာ အမျိုးသားများက ၆၃ ဒသမ ၈ ရာခိုင်နှုန်း ရှိပေမယ့်လည်း အမျိုးသမီးများက ၃၄ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် မြို့ပြနဲ့ ကျေးလက်ဒေသများအကြား သာမက တိုင်းဒေသကြီးများနဲ့ ပြည်နယ်များ အကြားမှာလည်း အမျိုးသမီးများရဲ့ လုပ်သားအင်အားပါဝင်မှုနှုန်းဟာ အမျိုးသားများထက် နည်းပါးနေပြီး ကွာဟချက်တွေ ဆက်လက်တည်ရှိနေတာကို တွေ့ရ ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးများအတွက် စီးပွားရေး စွမ်းဆောင်ရည် မြင့်မားလာစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ ပါဝင်နိုင်စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။
မြန်မာအမျိုးသမီးများဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရပ်ပိုင်းနဲ့ အနုပညာ စတဲ့ ကဏ္ဍတွေမှာသာမက နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားများမှာပါ အမျိုးသားများနဲ့ တန်းတူ တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ လွှတ်တော် အသီးသီးမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များရဲ့ ပါဝင်မှုနှုန်း အနေနဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ဒုတိယအကြိမ်မှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အခုတတိယအကြိမ်မှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိ လာတာ တွေ့ရပါတယ်။
တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီး ဒုတိယရဲအုပ် အဆင့်နဲ့အထက် ပါဝင်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၂ ဒသမ ၈၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်မှာ ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းထိ မြင့်တက်လာတာ တွေ့ရပါတယ်။ ဒုတိယမြို့နယ် ဥပဒေအရာရှိနဲ့အထက် ရာထူး နေရာများနဲ့ ဒုတိယမြို့နယ် တရားသူကြီးနဲ့အထက် ရာထူးနေရာ တွေမှာလည်း အမျိုးသမီးပါဝင်မှု ၅၃ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနှုန်း မြင့်မားနေတာ အားရဖွယ်ရာ တွေ့ရှိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များအတွင်းမှာ ခန့်အပ်ပြီး ရပ်ကွက်ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူး ၁၅,၅၂၂ ဦးအနက် အမျိုးသမီး ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ၁၀၉ ဦး ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးတွေကို ရပ်ရွာခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူများအဖြစ် ဆုံးဖြတ်ချက် ချမှတ်တဲ့ ကဏ္ဍတွေမှာ တာဝန်ပေးခန့်ထားလျက်ရှိပြီး တာဝန်ထမ်းဆောင်နေ ကြတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ပိုမိုခိုင်မာအားကောင်း စေဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျား မ ရေးရာ လုပ်ငန်းစဉ်တွေအတွက် တာဝန်ခံမှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တိုးမြှင့်ဖို့နဲ့ အမျိုးသားများ၊ လူငယ်များကိုလည်း ကျား၊ မ တန်းတူညီမျှမှု မြှင့်တင်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားဖို့ မှာကြားလိုပါတယ်။
ယခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ တည်ထောင်မှု နှစ် (၃၀)ပြည့်မြောက်ပြီဖြစ်လို့ ဒီလို ထူးခြားတဲ့နှစ်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ဖို့အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ နိုင်ငံတကာကတိကဝတ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီကို ဒုတိယသမ္မတ (၂)နဲ့ အဆင့်မြှင့်တင် ဖွဲ့စည်းပေးထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းလုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များ ဘေးကင်းလုံခြုံမှုရှိရေး၊ ဂုဏ်သိက္ခာနဲ့ တန်းတူအခွင့်အရေးများရရှိတဲ့ လူမှုအသိုက်အဝန်း တစ်ရပ် တည်ဆောက်ရေးနဲ့ အထူးအားဖြင့် ကျေးလက်နေအမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးအတူတကွ ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများ နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှသာ မိသားစု၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားပြီး တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုဆီကို လျှောက်လှမ်းနိုင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်ရေးကို အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
- Log in to post comments