စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကျင်းပ၊ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန် ၂၆
စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့်အတူ အထူးဖိတ်ကြားထားသည့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
ဦးစွာ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် စားရေရိက္ခာမူဝါဒကော်မရှင် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် စားရေရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာဝပြောရေး ဟူ၍ အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ထားရှိကြောင်း၊ ယခုအစည်းအဝေးသည် ယမန်နေ့က ကျင်းပခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးနှင့် ဆက်စပ်လျက်ရှိကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် MSME လုပ်ငန်းများဖြင့် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် အစည်းအဝေးသည်နိုင်ငံတစ်ဝန်းလုံး စားရေရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည်များကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီးအဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လယ်၊ တောင်ယာ၊ ယာ စသည်ဖြင့် အစုစု သောစိုက်ပျိုးဧက ၃၃ သန်းကျော်ရှိကြောင်း၊ စပါး စိုက်ပျိုးဧက ၁၅ သန်း၊ ပြောင်း စိုက်ပျိုးဧက ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံစိုက်ပျိုးဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ပျိုးဧက ၄ သန်းစသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးရေးနှင့်ဆက်စပ်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဟန်ချက်ညီညီဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများတိုးတက်လာမည် မှာမလွဲမသွေပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် စားရေရိက္ခာဖူလုံရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း။
စားရေရိက္ခာကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တိုက်ရိုက်စားသုံးသည့် စားကုန်ပစ္စည်းများ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ၊ ရိက္ခာဆိုသည်မှာ တိုက်ရိုက်စားသုံး၍မရသည့် မီးဖိုချောင်သုံးသီးနှံများအပါအဝင် ဆန်၊ ဂျုံ၊ ပြောင်း စသည်ဖြင့်ပစ္စည်းများဖြစ်ကြောင်း၊ ရိက္ခာကို မြန်မာစာအဘိဓာန်တွင် အမှုထမ်းများအား အချိုးကျဝေငှပေးသော စားသောက်ဖွယ်ရာပစ္စည်းများ၊ လစာငွေ၊ နောင်တွင်စားသုံးရန်အတွက် စုဆောင်းထားသော ဆန်ရေစပါးစသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် နေ့စဉ်အသုံးပြုနေရသည့် စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များရှိကြောင်း၊ အဆိုပါရိက္ခာတွင်ပါဝင်သော နေ့စဉ်လိုအပ်လျက်ရှိသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကိုပြည်တွင်း၌ လုံလောက်စွာဖြင့်ရရှိရေး ပြည်တွင်းကုန်ထုတ် လုပ်မှုများဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း။
ရေနှင့်ပတ်သက်၍ “ထမင်းအသက်ခုနှစ်ရက် ရေအသက်တစ်မနက်” ဟု ဆိုရိုးရှိကြောင်း၊ ထို့ကြောင့် ရေလုံလောက်စွာရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုမှရရှိသည့်ရေ၊ ချောင်းရေမြောင်းရေနှင့် မြစ်ရေ၊ ဆည်မြောင်း တာတမံများမှရရှိသည့်ရေနှင့် မြေအောက်ရေဟူ၍ရှိကြောင်း၊ အဆိုပါရေများကို နိုင်ငံတော်အတွက်အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတော်အတွက် အရန်ရေရရှိရေး မည်သို့ဆောင်ရွက်မည်ကို မူဝါဒများချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ရိက္ခာနှင့်ပတ်သက်၍ တိုက်ရိုက်စားကုန်မဟုတ်သည့် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နိုင်ငံအတွက်ဝမ်းစာဖူလုံရေးသည် အဓိကမူဝါဒဖြစ်ကြောင်း၊ ဝမ်းစာဟုဆိုရာတွင် စားသောက်ရန်လိုအပ်သည့် စားကုန်အားလုံး သက်ဆိုင် ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြည်တွင်း၌ပင် ဖူလုံအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အချို့ဒေသများတွင်မရှိသည့် စားကုန်များကို အခြားထွက်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဖြန့်ခွဲပေးပို့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါအခြားဒေသများသို့ ပေးပို့ရသည့်စားကုန်များကို ပြည်တွင်း၌ လုံလောက်စွာရရှိစေရေးကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစာရေရိက္ခာ ဖူလုံမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုး၍ဖြစ်ထွန်းသည့် အသီးအနှံများကို ပြည်တွင်းဖူလုံမှုရှိအောင် စိုက်ပျိုးသွားနိုင်ရေးမူဝါဒအဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း။
ပြည်ပသွင်းကုန်အစားထိုးရေးနှင့်ပတ်သက်၍ စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုန့်ညှင်း၊ ပဲပုပ်၊ ဆီအုန်း စသည်ဖြင့် ဒေသအလိုက် စိုက်ပျိုး ဖြစ်ထွန်းကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးဆီ လုံလောက်စွာထုတ်လုပ်နိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဂျုံကိုလည်း ပြည်ပမှနှစ်စဉ် တင်သွင်းနေရသဖြင့် ပြည်တွင်းဂျုံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးဆောင်ရွက်သွားရန် လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး မူဝါဒချမှတ်ထားရှိကြောင်း၊ စိုက်ပျိုးရေးသုတေသနဌာန အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်း လုံးသုတေသနပြုထားသည့် အချက်အလက်များနှင့် နိုင်ငံတကာမှ သုတေသနပြုထား သည့်အချက်အလက်များကို နှိုင်းယှည်သုံးသပ် စနစ်တကျတွက်ချက်၍ အဆိုပါ ပန်းတိုင်ရည်မှန်းချက်များကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်ဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းရန်၊ မြေပြုပြင်ခြင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာရရှိရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များကိုရွေးချယ်မွေးမြူရန်၊ အရည်အသွေးပြည့်မီသည့် တိရစ္ဆာန်အစာများ ကျွေးမွေးရန်နှင့် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာတိုက်ကျွေးရန်၊ နည်းစနစ်တကျ မွေးမြူဆောင်ရွက်သွားရန်လိုကြောင်း။
သို့မှသာ ဈေးကွက်ဝင်အရွယ်အစားနှင့် အထွက်နှုန်းကောင်းမွန်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး မဟာဗျူဟာများချမှတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧက ၃၃ သန်းရှိပြီး မိမိတို့နိုင်ငံအတွက် လုံလောက်မှုရှိကြောင်း၊ စိုက်ပျိုး ဧကများတိုးချဲ့ခြင်းထက် မြေကိုအကျိုးရှိရှိ အသုံးချ၍ အထွက်နှုန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် ရိက္ခာဖူလုံအောင်ဆောင်ရွက်ရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေရရှိအောင်ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ တိုးတက်ရေး ဆောင်ရွက်နိုင်ကြောင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးစသည့်တိုင်းဒေသကြီးတို့တွင် ယာစိုက်ပျိုးမှုများ များပြားကြောင်း၊ ယာမြေများကိုမြေပြုပြင်ခြင်းများ ဆောင်ရွက်၍ အသွင်ပြောင်းလယ်များအဖြစ် ဆောင်ရွက်ပြီး မြစ်ရေတင်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်သည့်ဒေသများတွင် သီးထပ်စွမ်းအားကို ၃၀၀ ရာခိုင်နှုန်းအထိ ရရှိအောင် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ရေအသုံးချမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရှိမြစ်ချောင်းများမှရေများ၏ ၂၀ ရာခိုင် နှုန်းခန့်ကိုသာ အကျိုးရှိရှိသုံးစွဲနိုင်သည်ကို တွေ့ရပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ ပင်လယ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်ကြောင်း၊ အပင်များရှင်သန်ကြီးထွားရန် အတွက် ရေသည် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့်မြစ်ချောင်းများမှ စိုက်ပျိုးရေ များရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေများလုံလောက်စွာရရှိနိုင်မည်ဆိုပါက သီးနှံများကို ရာသီမရွေးအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအားများလည်း တိုးတက်လာမည်ဖြစ်ကြောင်း။
မြစ်ချောင်းများတွင် နှစ်စဉ်ရေကြီးရေလျှံမှုများနှင့် ရေစီးကြောင်းပြောင်းလဲမှုများကြောင့် နုန်းပို့ချမှုများဖြစ်ပေါ်ကာ မြစ်ချောင်းကြမ်းပြင်များ မြင့်တက်ခြင်းနှင့် အချို့နေရာများတွင် တရားမဝင်ရွှေတူးဖော်ခြင်းများ ဆောင်ရွက်ခြင်းများကြောင့် နုန်းတင်ခြင်းများဖြစ်ပေါ်ပြီး မြစ်ချောင်းများတိမ်ကောခြင်းများဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် မြစ်ချောင်းများကို ပြန်လည်ဆယ်တင်ခြင်းနှင့် ရေလမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွေရာသီကာလ စိုက်ပျိုးရေရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ သဲချောင်းများတွင် မြေအောက်တမံများ တည်ဆောက်ခြင်း ဆောင်ရွက်နိုင်သကဲ့သို့ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ချောင်းများမြောင်းများပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်မှုများဖြစ်ပေါ်လာပြီး မြေအောက်ရေကိုလည်း ထိုက်သင့်သလောက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ရေကိုအကျိုးရှိစွာသုံးစွဲနိုင်ရေး နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးရေများကိုလည်း သိုလှောင်၍သုံးစွဲရန်လိုကြောင်း၊ ရေကိုအဟောသိကံ သုံးစွဲမှုမရှိစေရေး ရေသုံးစွဲမှုစနစ်များမှန်ကန်ရန်နှင့် ရေကိုစနစ်တကျအသုံးချနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
မြေဩဇာနှင့်ပတ်သက်၍ မြေဩဇာများထည့်သွင်းမှသာ သီးနှံများအထွက်နှုန်းတိုးတက်မည်ဖြစ်ကြောင်း၊ မြေဩဇာတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာဟူ၍ နှစ်မျိုးရှိပြီး မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ဓာတ်မြေဩဇာများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် ပြည်တွင်းမှထုတ်လုပ်နိုင်သည့် သဘာဝမြေဩဇာကို အကျိုးရှိထိရောက်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများကို စနစ်တကျသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် သွားလာရေးခက်ခဲသည့် နယ်စပ်ဒေသများ၌ သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ်အသုံးချနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးစရိတ်ချေးငွေများ ထပ်မံထုတ်ချေးပေးခြင်းအပါအဝင် နိုင်ငံတော်မှတတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရေးအတွက် ချမှတ်ထားသည့်မူဝါဒများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း။
ရိက္ခာတွင်ပါဝင်သော မီးဖိုချောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုများတိုးတက်လာစေရေးနှင့် စိုက်ပျိုးသည့်သီးနှံများ အရည်အသွေးကောင်းမွန်စေရေး၊ အရောင်၊ အနံ့၊ အရသာ၊ အရွယ်အားဖြင့် ကောင်းမွန်အောင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို သုတေသနပြု ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဂျုံစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဂျုံကိုအဓိက စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းဂျုံစိုက်ပျိုးမှုများတိုးတက်အောင်ထုတ်လုပ်၍ ပြည်တွင်းဂျုံလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဂျုံစားသုံးမှုသည် ခန္ဓာကိုယ်ထွားကျိုင်းမှုကို အထောက်အကူဖြစ်စေသဖြင့် ဂျုံစားသုံးမှုမြှင့်တင်နိုင်ရေးအတွက်လည်းဆောင်ရွက်ပေးကြစေလိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်ကုန်ကြမ်းမျာကို ကြိတ်ခွဲရာတွင် အရည်အသွေးပြည့်မီစွာဖြင့် ကြိတ်ခွဲနိုင်ရန်လိုကြောင်း၊ ထွက်ရှိလာသည့်အရည်အသွေး အပေါ်မူတည်၍ ဈေးကွက်ရရှိမှုနှင့် ဈေးရရှိမှုများ ကွာခြားသွားမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသည့် ဆန်နှင့် ဆီများထုတ်လုပ်နိုင်ရေး ဆန်စက်နှင့် ဆီစက်များ ကောင်းမွန်ရန်လိုသဖြင့် မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ပေါ်ဆန်းစပါးသည် ဈေးကွက်လိုအပ်ချက်ရှိပြီးဖြစ်သဖြင့် ရာသီဥတုနှင့် မြေအခြေအနေပေးသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးကာ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်အောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူရေးတွင်မရှိမဖြစ်လိုအပ်ချက်မှာ တိရစ္ဆာန်အစာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိရစ္ဆာန်အစာများ လုံလောက်စွာထွက်ရှိပြီး ပြည်ပမှတင်သွင်းရမှုနည်းပါးကြောင်း၊ ဆန်ကွဲ၊ ဖွဲ၊ ပြောင်းများသည် နိုင်ငံတစ်ဝန်းတွင် ထွက်ရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေးထွက်ကုန်များမှ တိရစ္ဆာန်အစာများထုတ်လုပ်နိုင်သဖြင့် မွေးမြူရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးချဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မွေးမြူရေးကိုအောင်မြင် အောင်ဆောင်ရွက်ပြီး ဒေသတွင်းလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူများ၏စားရေးကို လုံလောက်အောင်ဆောင်ရွက်ပေးခြင်းသည်လည်း ကုသိုလ်တစ်မျိုးပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ငါး များကို အဓိကထားစားသုံးကြသဖြင့် စနစ်တကျမွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသများအလိုက် ကျွဲ၊ နွားရှားပါးလာသကဲ့သို့ နွားမွေးမြူမှုများ နည်းပါးလာသည်ကို တွေ့ရကြောင်း၊ အသားစားနွားနှင့် နို့စားနွားများကို ပိုမိုတိုးတက်အောင် မွေးမြူခြင်းဖြင့် စားရေးကို အထောက်အကူပြုမည်ဖြစ်သကဲ့သို ထွက်ရှိသည့်သားရေများဖြင့်လည်း ဖိနပ်နှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ပြီး အရိုးကို မြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ အလားတူ ငါး၊ ပုစွန်များကိုလည်းတိုးချဲ့ မွေးမြူရန်လိုကြောင်း၊ အသားငါး မူဝါဒနှင့်ပတ်သက်၍ ပြည်သူများလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်မှ မြစ်ချောင်းများအတွင်း ငါးမျိုးများကိုနှစ်စဉ်အခမဲ့ စိုက်ထည့်ပေးလျက်ရှိကြောင်း၊ ပြည်သူများ သက်သက်သာသာ ပေါပေါများများဖြင့် စားသုံးနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာခေတ်၊ IT ခေတ်၊ AI ခေတ်ဖြစ်လာပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် မကြာမီကသွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံ ခရီးစဉ်များတွင် အဆိုပါနိုင်ငံများ၏ ခေတ်မီစိုက်ပျိုးရေးစနစ်များကို လေ့လာသိရှိခဲ့ရ ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ခေတ်မီသည့်စိုက်ပျိုးရေးစနစ်ကို တတ်နိုင်သည့်ကဏ္ဍများတွင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ စက်မှုလယ်ယာစနစ်ကိုလည်း ဖော်ဆောင်နိုင်ရန်လိုကြောင်း၊ ကျွဲနွားများရှားပါးလာခြင်းနှင့် လုပ်သားအင်အားရှားပါးလာမှုများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် စက်ပစ္စည်းကိရိယာများကိုလုံလောက်စွာ အသုံးပြုနိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျခေတ်မီသည့် စိုက်ပျိုးရေးစနစ်၊ အိုင်တီစနစ်၊ Ai စနစ်များ၊ စက်ကိရိယာများကို အသုံးချနိုင်ရန်လိုကြောင်။
နိုင်ငံတော်၏ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေး KG+9 အထိ မသင်မနေရစနစ်ဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းမှစတင်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာများကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များအလိုက် ပညာသင်ဆုများပေးခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်။
ရိက္ခာဆိုသည်မှာလည်း နောင်တွင်စားသုံးမည့် စုဆောင်းထားသည့် ဆန်ရေစပါးဖြစ်ကြောင်း၊ အဓိကအားဖြင့် အရန်ဆန်နှင့် စပါးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စုဆောင်းသိုလှောင်ထားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝ ဘေးအန္တရာယ်များကျရောက်ချိန်တွင် အဆိုပါသိုလှောင်ထားသည့် အရန်ဆန် နှင့် စပါးများသည် များစွာအထောက်အကူပြနိုင်မည်ဖြစ်ခြင်းကြောင့် ပြည်တွင်း၌ စားရေရိက္ခာများ ဖူလုံစွာရှိနေရန်နှင့် ခိုင်ခိုင်မာမာ ပြည့်စုံဖူလုံနေစေရန် မူဝါဒချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် စားနပ် ရိက္ခာအဓိက ဖြည့်ဆည်းတင်ပို့ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန်၊ ပဲ နှင့် အခြားစားသောက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများကို ပိုမိုတိုးတက်ထုတ်လုပ်သွားနိုင်ရေး အမြဲသုတေသနပြု လေ့လာသုံးသပ် စနစ်တကျ ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေပြင်အချက် အလက်များ မှန်ကန်ပြည့်စုံ စွာဖြင့်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများပိုမို အောင်မြင်နိုင်မြင်ဖြစ်သဖြင့် စနစ်တကျ စီမံကြိုးပမ်းဆောင်ရွက်သွား ကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကော်မရှင်၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် နှင့် နေပြည်တော်ကောင်စီနယ်မြေ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင် များက ဟင်းသီးဟင်းရွက်များနှင့် အသားငါးများအား ဖြန့်ဖြူးရောင်းချပေးနေမှု၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးနှင့် ပုစွန်များကို ဇုန်များအလိုက် မွေးမြူထားရှိမှုနှင့် တိုးချဲ့မွေးမြူ သွားမည့်အစီအမံများ၊ တိရစ္ဆာန်အစာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိမှု၊ ဒေသ တွင်းနေထိုင်သည့် လူဦးရေအချိုးအစားများအလိုက် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သတ်မှတ်နှစ်အလိုက် တိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများ၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ် နိုင်ရေးနှင့် ဆီထွက်သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အကောင်အထည်ဖော် ဆောက်ရွက်လျက်သည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတွက် ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဒေသတွင်း စားသုံးမှုမှပိုလျှံသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြားဒေသများနှင့် ပြည်ပ သို့တင်ပို့ ရောင်းချနေမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စနစ်တကျစီမံ ဆောင်ရွက်ထားရှိမှုနှင့် အရန်မျိုးစေ့များ၊ တိရစ္ဆာန်သုံးဆေးဝါးများ သိုလှောင်ထားရှိမှု၊ စက်မှုလယ်ယာစနစ် ဖော်ဆောင်ထားရှိမှုနှင့် စက်မှုလယ်ယာသုံးကိရိယာများ စီစဉ် ဆောင်ရွက်ထားရှိမှု၊ ပြည်ပနိုင်ငံအချို့၏ စားရေရိက္ခာမူဝါဒမဟာဗျူဟာများမှ လေ့လာ တွေ့ရှိချက်များ၊ ပေါင်းစည်းလယ်ယာစနစ်ဆောင်ရွက်ရေးနှင့် မျိုးကောင်းမျိုးသန့်များ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ လမ်းညွှန် ချက်များနှင့်အညီ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နေမှုနှင့် ပြည်ပသို့ပိုမို တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ ဦးစား ပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိစေရန် ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က လယ်ယာထွက်ကုန်များ ရောင်းချ ရာတွင်သင့်တင့်မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက်ရရှိရေးအတွက်တောင်သူ လယ်သမား များကို ကူညီဆောင်ရွက်နိုင်ရန်အတွက် လယ်ယာထွက်ကုန်စီမံခန့်ခွဲရေး အဖွဲ့ ဖွဲ့စည်းမှုနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နွားမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးနှင့် စိုက်ပျိုးမြေများကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ အကျိုးရှိ စွာဖြင့် အသုံးချနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက မြစ်ချောင်းများအတွင်း ရေထုထည်ပမာဏထိန်းသိမ်းခြင်းနှင့် ရေအရည် အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြ သည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် ယခုအစည်းအဝေးတွင် နိုင်ငံတော်ပိုင်းအနေဖြင့်နိုင်ငံတော်အမြင်နှင့် မူဝါဒများ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ၎င်းတို့လက်တွေ့ ဆောင်ရွက်နေရသည့် လုပ်ငန်းအတွေ့အကြုံအမြင်များ၊ အဖွဲ့ချုပ်များအနေဖြင့်လည်း ၎င်းတို့၏အမြင်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထပ်မံ၍ လုပ်ငန်းကော်မတီ များအလိုက်အသေးစိတ်ဆက်လက် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံ တိုင်းတွင် စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသက်မွေးဝမ်းကြောင်း ဆောင်ရွက်နေကြ သူများစွာရှိကြောင်း၊ တောင်သူလယ်သမားများသည် ပြည်သူများထမင်း စားနိုင်ရန် အတွက် ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ၎င်းတို့၏အကျိုးစီးပွား ကိုကာကွယ်ပေး ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှတောင်သူများအတွက်စဉ်းစားပြီး စီမံပေးသကဲ့သို့ ကြည့်သကဲ့သို့ တောင်သူများဘက်မှလည်း စိုက်ဧကများအပြည့်အဝစိုက်ပျိုးရန် နှင့် အထွက်နှုန်းများတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများတွင်လည်း လိုအပ်သည်များကို နိုင်ငံတော်မှဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်များကို လုပ်ငန်းကော်မတီများအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာမူဝါဒနှင့်ပတ်သက်၍ မည်ကဲ့သို့ အထောက်အကူဖြစ်အောင် ဆောင်ရွက်မည်၊ မည်ကဲ့သို့အကျိုးရှိရှိဆောင်ရွက်မည်၊ အရန်စားရေရိက္ခာများ မည်ကဲ့သို့သိုလှောင်ထားရှိမည်၊ ပြည်တွင်း ပြည်ပရောင်းချမှုများ ကို မည်ကဲ့သို့စီမံခန့်ခွဲဆောင်ရွက်မည်ကို စနစ်တကျတွက်ချက်ဆောင်ရွက် သွားရန် လိုကြောင်း။
စုပေါင်းအားဖြင့်ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများပိုမိုအောင်မြင်နိုင်မည်ဖြစ် သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်သားများသည် နိုင်ငံတော်နှင့် ကမ္ဘာစားရေ ရိက္ခာအတွက်တစ်ထောင့်တစ်နေရာမှအကျိုးပြုနေကြသူများဖြစ်သဖြင့် များစွာအလေး ထားကြောင်း၊ ထို့ကြောင့် ယခုစားရေရိက္ခာကော်မရှင်ကိုမိမိကိုယ်တိုင်ဦးစီး၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အသေးစိတ်ထပ်မံဆွေးနွေးပြီး Action Plan များရေးဆွဲ၍ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
- Log in to post comments