Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်)

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အလုပ်သမားများ၏ လုပ်အားတန်ဖိုးကို မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို မှန်ကန်သင့်လျော်စွာ ခံစားရသောနေ့၊ ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မှတ်ကျောက်တင်နိုင်သည့် သမိုင်းဝင် နေ့ထူးနေ့မြတ်အခါသမယဖြစ်ပါသည်။ ထိုကဲ့သို့သော မင်္ဂလာနေ့ရက်မှစ၍ နိုင်ငံတော်အတွင်းရှိ အလုပ်သမားကြီးများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

၁၈၉၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့မှစ၍ ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားများ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကာယ၊ ဉာဏ အလုပ်သမားကြီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် အခမ်းအနားများ ကျင်းပခဲ့ရာ (၈၈) ကြိမ်မြောက်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားမှု၊ ဝန်ဆောင်မှုအရည်အသွေးတိုးတက်မြင့်မားမှုတို့အပေါ် တည်မှီလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖန်တီးဖော်ဆောင်ရာတွင် အဓိကကျသော အလုပ်သမားအင်အားထုကြီးကို လေးစားစွာ ဂုဏ်ပြုပါကြောင်း ဦးစွာပထမဖော်ပြအပ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှစ၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်နှင့်အညီ ILO ၏ အခြေခံမူဝါဒများ၊ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက်ရှိပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအလုပ်ရှင်နှင့် အလုပ်သမားရေးရာစံနှုန်းများကို တည်ဆဲဥပဒေများနှင့်အညီ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းများတွင် အထောက်အကူပေးနိုင်ရန်အတွက် ၂၀၀၂ ခုနှစ်မှစ၍ ILO ဆက်သွယ်ရေးအရာရှိတစ်ဦး လက်ခံခန့်ထားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ရုံးစိုက်အခြေပြုနေထိုင်သော ILO ဆက်သွယ်ရေးအရာရှိနှင့် ထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်း၊ ILO ဆက်သွယ်ရေးအရာရှိရုံးမှ လိုအပ်သည့်အချက်အလက်နှင့်လုပ်ငန်းများကိုပံ့ပိုးပေးခြင်း၊ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ILO နှင့် ပူးပေါင်း၍ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားဖြင့် ဖြေရှင်းပေးခြင်း၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများကို ILO ၏ Convention-87 နှင့်အညီ အခြေခံ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာရေးရာအဖွဲ့များအထိ အဆင့်ဆင့်လွတ်လပ်စွာဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။  

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့်လူဦးရေ အများဆုံးနိုင်ငံများထဲ၌ ပါဝင်လျက်ရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေပေါများခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းများကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်း၊ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ထုတ်ပေးထား‌သော လုပ်ငန်းခွင်အခြေပြုလေ့ကျင့်သင်ကြားပေးသော သင်တန်းကျောင်း (၂၂) ကျောင်း၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) အသိအမှတ်ပြုသင်တန်းကျောင်း (၂၆) ကျောင်းတို့တွင် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ကျွမ်းကျင်မှုသင်တန်းများအောင်မြင်ပြီးမြောက်သွားသည့်လူငယ်များသည် မူလသာမန်လုပ်သား (Unskilled Labours) အဆင့်မှ လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ဦးဆောင်နိုင်စွမ်းရှိသည့် တန်ဖိုးမြင့်ကျွမ်းကျင်လုပ်သား (Skilled Labours) များအဖြစ် ဘဝအဆင့်အတန်းမြင့်မားတိုးတက်လာမည်ဖြစ်ပါသည်။

အဆိုပါကျွမ်းကျင်လုပ်သားများကို အမျိုးသားအဆင့်ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များထုတ်ပေးလျက်ရှိပါသည်။ ယင်းလက်မှတ်များသည် ပြည်တွင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ကျွမ်းကျင်မှုအရည်အချင်းများနှင့်အညီ လုပ်ခလစာရရှိနိုင်ရေးတို့အတွက် အထောက်အကူပြုသည့် အသိအမှတ်ပြုလက်မှတ်များဖြစ်ပါသည်။

အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိပါသည်။ ပညာရေးတွင် အနည်းဆုံးအဆင့် KG+9 ပြီးဆုံးသည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကျွမ်းကျင်သူများဖြစ်လာစေမည့် အသက်မွေးဝမ်းကျောင်းပညာများကိုလည်း သင်ကြားပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့်သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းပညာများဖြင့်ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိပါသည်။ အလုပ်သမားများဝင်ငွေတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းစေခြင်း၊ ကျွမ်းကျင်လုပ်သားများရရှိရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ လုပ်အားအခြေပြုကုန်ထုတ်လုပ်ငန်းများတိုးတက်များပြားလာစေရန် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားများအတွက် လူမှုဖူလုံရေးအပါအဝင် အခြားအကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ပေးခြင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုများအား တရားမျှတစွာဖြေရှင်းပေးခြင်းစသည့် အလုပ်သမားများ၏အကျိုးစီးပွားကို မျက်ခြည်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသူများဖြစ်ကြပါသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးတို့အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား

နိုင်ငံတော်အနေဖြင့် လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်ပညာရပ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်နှင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစံချိန်စံညွှန်းသတ်မှတ်ချက်များကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်ရည်ရွယ်၍ ပြည်တွင်း၌ ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပါသည်။ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ လူငယ်လူရွယ်များအား ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင်လည်း စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဖြင့် ကျောင်းပြင်ပရောက်နေသူများအတွက် အခြေခံသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ရောက်ရှိနေသူများကိုလည်း ပညာသင်ယူမှုအခွင့်အလမ်းများရရှိစေရေးနှင့် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးတို့အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုမှအစပြုပြီး ပညာရေးလမ်းကြောင်းဆီသို့ ကူးပြောင်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့သွားရောက်လုပ်ကိုင်သည့်နိုင်ငံများမှ ဥပဒေအောက်တွင်သာနေထိုင်ကြရပြီး အချို့အလုပ်သမားများသည် မတရားသဖြင့် ဖိနှိပ်ခံရမှုများရှိသည်ဟု သိရှိရပါသည်။ ပြည်ပသို့သွားရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌လုပ်ကိုင်မည်ဆိုပါက ကြီးပွားတိုးတက်နိုင်မည့်အခွင့်အလမ်းများရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ပြည်ပသို့သွားရောက်လုပ်ကိုင်ကြမည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်ကြပြီး နိုင်ငံသားအားလုံး နိုင်ငံတော်၏အရိပ်အာဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်နိုင်စေရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါသည်။

ဘေးကင်းလုံခြုံသော ရွှေ့ပြောင်းသွားလာနေထိုင်မှုဖြစ်စေရေးအတွက် ပြည်တွင်းပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် Complaint Mechanism Center တစ်ခုစီဖွင့်လှစ်၍ အလုပ်သမားရေးရာကိစ္စများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံသံရုံးများ၊ အေဂျင်စီများ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (Migrant Workers Resource Center) များ၊ သတင်းမီဒီယာများ၊ လူမှုရေးအဖွဲ့အစည်းများမှတစ်ဆင့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာအလုပ်သမားအများစု သွားရောက်လုပ်ကိုင်နေကြသည့် ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိများထား၍ ၎င်းတို့၏အခက်အခဲများကို သက်ဆိုင်ရာနိုင်ငံနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်၏အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားကြီးများသည် လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုရရှိခံစားနိုင်ပြီး လူမှုဖူလုံရေးစနစ်အပေါ် ပြည်သူများယုံကြည်ကိုးစားမှု ပိုမိုတိုးပွားလာစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏စီးပွားရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်ဖြင့် အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ၊ ဌာနကြီးဆေးခန်းများ၊ တိုင်းရင်းဆေးခန်းနှင့် ရွေ့လျားဆေးကုသယာဉ်များအပြင် စာချုပ်ဆေးခန်းများဖွင့်လှစ်ပြီး အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိပါသည်။

အလုပ်သမားများဘေးကင်းလုံခြုံ၍ ကျန်းမာရေးနှင့်ညီညွတ်သောလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နိုင်ခွင့်၊ ကျွမ်းကျင်မှုနှင့် ကြိုးစားအားထုတ်မှုတို့အပေါ်မူတည်၍ သင့်တင့်မျှတသောလုပ်ခလစာနှင့် လုပ်ငန်းခွင်တွင် တန်းတူညီမျှခွင့်စသည့် အခွင့်အရေးများရရှိရန် အလုပ်သမားဥပဒေများနှင့်အညီ စစ်ဆေးစည်းကြပ်ပေးလျက်ရှိပါသည်။

ထို့အပြင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ၂၀၁၉ ခုနှစ်မှစ၍ (၅) နှစ်စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိရာ စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ကို ဦးစားပေးနယ်ပယ်အဖြစ် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အရွယ်မတိုင်မီကျောင်းထွက်၍ အလုပ်လုပ်ကိုင်ကြခြင်းမှာ နိုင်ငံအနာဂတ်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ လျော့နည်းစေပါသဖြင့် ကလေးအလုပ်သမားပပျောက်ရေးကို အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါသည်။

နိဂုံးချုပ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် အလုပ်သမားကြီးများအပါအဝင် နိုင်ငံသားအားလုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် နေထိုင်နိုင်ရေး၊ ပြည်သူလူထု၏ အဓိကအခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးတို့တွင် အလုပ်သမားထုကြီး၏အခန်းကဏ္ဍမှာ မြင့်မားစွာပါဝင်လျက်ရှိပါသည်။ ထို့အတွက် အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အလုပ်သမားကြီးများကလည်း တက်ကြွသည့်အားမာန်များဖြင့် နိုင်ငံကိုအလှဆင်ပေးနိုင်ကြပါစေကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်