ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဇူလိုင် ၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်း တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား လာအိုနိုင်ငံဆိုင်ရာမြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ မိမိအနေဖြင့် လာအိုနိုင်ငံသို့ ယခုလာရောက်ခဲ့သည့် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်သည် မိမိအနေဖြင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများထဲတွင် ပထမဆုံးလာရောက်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြကြောင်း၊ မိမိတို့နှစ်နိုင်ငံ အနေဖြင့် အစဉ်အလာရှိသည့် ဆက်ဆံရေးကောင်းမွန်မှုကို အမြဲထိန်းသိမ်းနိုင်ကြမည့်နိုင်ငံများဖြစ်ကြကြောင်း။
ယခုအခါ လာအိုနိုင်ငံသည် ယခင်ကထက်များစွာဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး စီးပွားရေးတိုးတက်အောင်လည်း ဆောင်ရွက်လာနိုင်သည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေး အထူးကောင်းမွန်လျက်ရှိပြီး သံရုံး၊ စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်နေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နှစ်နိုင်ငံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံ့အကြီးအကဲများ ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန် လည်ပတ်ခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ယခုအခါ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထမ်းဆောင်ခဲ့ရကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခင်ဒီမိုကရေစီအစိုးရသက်တမ်းကာလနှစ်ခုတွင်လည်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း။
ယခုအခါ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို အောင်မြင်စွာဖြင့်ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများမှရွေးချယ်သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်ကျင်းပ၍ ယခုအခါရွေးချယ်ခံအစိုးရအဖွဲ့မှ နိုင်ငံတော်တာဝန်များကို အရှိန်အဟုန်ဖြင့် ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ သို့သော် အချို့နိုင်ငံများအနေဖြင့် ၎င်းတို့အကျိုးစီးပွားထိခိုက်မည်ကို စိုးရိမ်သောကြောင့် မိမိတို့နိုင်ငံတွင် ပြည်သူများက ရွေးချယ်ထားသည့်အစိုးရမှ နိုင်ငံတော်တာဝန်ထမ်း ဆောင်နေမှုကို လက်မခံလိုကြကြောင်း၊ သို့သော် မိမိတို့အစိုးရအနေဖြင့် အခက်အခဲများကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အာဆီယံနိုင်ငံများအထဲတွင် လာအိုနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကိုလက်ခံသဖြင့် မိမိကိုယခုကဲ့သို့ ၎င်းတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအဖွဲ့အတွင်း သဘောတူညီမှုများကို မိတ်ဝတ်မပျက် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကို အားလုံးက သိရှိကြရန်လိုကြောင်း၊ လာအိုနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် မိမိတို့နိုင်ငံသားများကိုလည်း တတ်နိုင်သရွေ့ စောင့်ရှောက်ပေးသွားကြရန်နှင့် စည်းစည်းလုံးလုံးနေထိုင်သွားကြရန် မှာကြားရန်လိုကြောင်း၊ လာအိုနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသည့် သံရုံး၊ စစ်သံရုံးမိသားစုများအနေဖြင့် ပြည်ပနိုင်ငံသို့ ရောက်ရှိနေချိန်အတွင်း ရရှိသည့်အားလပ်ချိန်များ၌ အင်္ဂလိပ်စာ၊ AI နည်းပညာနှင့် ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာများကို တစ်ဦးချင်းလေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် စွမ်းဆောင်နိုင်သူများဖြစ်ရန် မျှော်လင့်ကြောင်း။
လာအိုနိုင်ငံတွင် လာရောက်၍ ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် သင်တန်းသားအရာရှိများအနေဖြင့်လည်း မိမိတို့ဘာသာစကားတွင် အသုံးပြုလျက်ရှိသည့် ဗျည်းနှင့် သရများ၏ အားသာချက်ကိုအသုံးချ၍ လာအိုဘာသာစကားကို နားလည်တတ်ကျွမ်းအောင် သင်ယူသွားကြစေလိုကြောင်း၊ မည်သည့်ဘာသာစကားကို တတ်ကျွမ်းသည်ဖြစ်စေ မိမိတို့ဘဝအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်းဖြင့်မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သံရုံးရှိဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ယင်းနောက် နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံ ဆိုင်ရာမြန်မာသံရုံး အဆောက်အဦသစ် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
၎င်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာစစ်သံ(ကြည်၊ ရေ၊ လေ) ရုံးသို့ ရောက်ရှိကြရာ စစ်သံမှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်း နောက် နိုင်ငံတော်သမ္မတသည် မြန်မာစစ်သံ(ကြည်၊ ရေ၊ လေ) ရုံးအတွင်း လှည့်လည် ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments