ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၂၃
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင် ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်သည့်ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များထုတ်ပြန်ရန်၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေး နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် နျူကလီးယားစွမ်းအင်ကဏ္ဍသည် အမျိုးသားအကျိုးစီးပွားနှင့်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် ဝန်ကြီးဌာနတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ရမည့် ရေရှည် စီမံကိန်းကြီးတစ်ရပ်ဖြစ်သည့်အတွက် ယနေ့ဦးဆောင်ကော်မတီ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးကြောင်း။
စွမ်းအင်ရင်းမြစ်များ လိုအပ်လျက်ရှိ
ယနေ့ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်လုံလောက်မှု၊ စွမ်းအင်တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ရရှိရေးဟူသည့် စွမ်းအင်လုံခြုံရေးသည် အရေးကြီးသည့် အခြေခံလိုအပ်ချက်များဖြစ်လာကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးတို့အတွက်လည်း ရေရှည်တွင် ယုံကြည်စိတ်ချရသည့် စွမ်းအင်ရင်းမြစ်များ လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့အခြေအနေတွင် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာများကို ငြိမ်းချမ်းစွာအသုံးချနိုင်ရေးသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့် အထူးကဏ္ဍ တစ်ရပ်ပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနည်းပညာကို ယနေ့မှ စတင်လေ့လာခြင်း မဟုတ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ၁၉၅၄ ခုနှစ်တွင် Union of Burma Applied Research Institute (UBARI)ကို ဖွဲ့စည်းခဲ့ကြောင်း၊ UBARI အောက်တွင် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်း စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ Atomic Energy Centre (AEC/UBAEC) ကို ၁၉၅၅ ခုနှစ်ကတည်းက နိုင်ငံအတွက် ရေရှည်မြော်တွေးပြီး ရည်ရွယ်ချက်ကြီးမားစွာဖြင့် ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
၁၉၅၅ ခုနှစ်တွင် ကျင်းပခဲ့သည့် International Conference on the Peaceful Uses of Atomic Energy တွင် မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ် IAEA စတင်ဖွဲ့စည်းချိန်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခဲ့ကြောင်း၊ ၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း အဏုမြူသိပ္ပံနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များကို ပြည်တွင်းပြည်ပ သင်တန်းများနှင့် ပညာသင်ဆုများ စေလွှတ်ခဲ့ကြောင်းကို အထောက် အထားများအရ သိရှိရကြောင်း၊ စိုက်ပျိုးရေး၊ ကျန်းမာ ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများတွင်လည်း အဏုမြူနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ မိမိမှတ်သားမိသည်မှာ စိုက်ပျိုးရေးကဏ္ဍတွင် စပါးမျိုးထွန်းနည်းပညာနှင့် စပါးမျိုးသစ် ရွှေဝါထွန်းမျိုးတို့သည် နျူကလီးယား နည်းပညာအသုံးချပြီး ထွက်ရှိလာခြင်းဖြစ်ကြောင်း။
ယနေ့ကမ္ဘာတွင် စွမ်းအင်လုံခြုံရေး၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် တိုးတက်လာမှုနှင့်အတူ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးတို့အတွက် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍကို နိုင်ငံအများအပြားက ပြန်လည်အာရုံစိုက်လာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်အတွက် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍကို စနစ်တကျ လေ့လာသုံးသပ်ရန်လိုအပ်ကြောင်း။
စွမ်းအင်မူဝါဒများကို စနစ်တကျချမှတ်
မိမိတို့နိုင်ငံအနေဖြင့် လက်ရှိနှင့်လာမည့်ကာလများတွင် တိုးပွားလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင်လုံခြုံရေးကို အာမခံနိုင်ရေးအတွက် ရရှိနိုင်သည့် စွမ်းအင်ရင်းမြစ်များကို ထိရောက်စွာအသုံးချပြီး ရေရှည်အတွက် သင့်လျော်သည့် စွမ်းအင်မူဝါဒများကို စနစ်တကျ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒသည် စွမ်းအင် ရင်းမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)၊ သဘာဝဓာတ်ငွေ့နှင့် အခြားရင်းမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy ကိုအခြေခံသင့်ကြောင်း၊ ယင်းနေရာတွင် နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင် လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ် စရာတစ်ရပ်ဖြစ်သည်ကိုတွေ့ရကြောင်း၊ နျူကလီး ယားစွမ်းအင်မှ လျှပ်စစ်ထုတ်ယူမှုသည် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု အနိမ့်ဆုံးစာရင်းတွင် ပါဝင်ပြီး ရာသီဥတုအပေါ် မှီခိုရမှုမရှိခြင်းကြောင့် ၂၄ နာရီ ပတ်လုံးတည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရယူနိုင်ပြီး စက်ရုံအတွက်မြေဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း စသည့်အားသာချက်များရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး SMR အခြေပြုအဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ထည့်သွင်းလျာထားခဲ့ခြင်း ဖြစ်ကြောင်း။
အခြေခံမူများကို ခိုင်မာစွာထားရှိရန်လို
ထို့အပြင် နျူကလီးယားနည်းပညာသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ အစားအစာနှင့် အစားအစာဘေးကင်းလုံခြုံရေး၊ စက်မှုလုပ်ငန်း၊ သုတေသနနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင်လည်း ငြိမ်းချမ်းစွာအသုံးချနိုင်သည့် နည်းပညာဖြစ်ကြောင်း၊ ထို့ကြောင့် နျူကလီးယားစွမ်းအင်နှင့် နည်းပညာများကို အမျိုးသားအကျိုး စီးပွားအတွက် အသုံးချရာ၌ နည်းပညာရရှိရေးတစ်ခု တည်းကိုသာ အာရုံစိုက်ခြင်းမဟုတ်ဘဲ ဘေးကင်းလုံခြုံရေး၊ လုံခြုံစိတ်ချရမှု၊ အပြည်ပြည်ဆိုင်ရာ အာမခံချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်ပါတည်း ထည့်သွင်းစဉ်းစားရန်လိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် 3S ဖြစ်သည့် လုံခြုံမှု၊ ဘေးကင်းမှု၊ အကာအကွယ်ရှိမှုဟူသည့် (Safety, Security and Safeguards)ကို အလေးထားရမည်ဖြစ်ပြီး အခြေခံမူများကို ခိုင်မာစွာထားရှိရန်လိုအပ်ကြောင်း။
ယခုကဲ့သို့ နျူကလီးယားစွမ်းအင်ကဏ္ဍကို အမျိုး သားအဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း အရေးပါကြောင်း၊ နိုင်ငံတကာစံနှုန်းများ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်များနှင့်အညီ ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်သူများဖလှယ်မှုနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လိုကြောင်း။
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက မိမိတို့အနေဖြင့် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် IAEA ၏ မူဘောင်အတွင်းမှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံပိုင် ကော်ပို ရေးရှင်းဖြစ်သည့် ROSATOM နှင့် မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားနည်းပညာအပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များ တိုးမြှင့်ရရှိရေးတို့အတွက် နှစ်နိုင်ငံသဘောတူညီချက်များတွင် မြန်မာနိုင်ငံအနေဖြင့် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းသည့်နယ်ပယ်၌ အသုံးပြုရန်နှင့် SMR နည်းပညာအသုံးပြု လျှပ်စစ်ဓာတ်အားထုတ်ယူရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း။
သိပ္ပံပွဲတော်ကိုကျင်းပရန် လျာထား
ROSATOM နှင့် ပူးပေါင်းပြီး သိပ္ပံပွဲတော်ကို ၂၀၂၃ ခုနှစ်မှစပြီး နျူကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့တွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် NTIC နှင့် YTU အပြင် National State Polytechnics University (NSPU) တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဒီဇင် ဘာလဆန်းခန့်တွင် သိပ္ပံပွဲတော်ကိုကျင်းပရန် လျာထားကြောင်း၊ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘော ထားအမြင်များရရှိရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM နှင့်ပူးပေါင်း၍ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ (Nuclear Techno-logy Information Center)တွင် နျူကလီးယားနည်းပညာနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်နှင့်ပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ၊ သိပ္ပံပွဲတော်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အစည်းအဝေးများ၊ သတင်းနှင့် မီဒီယာအသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးနေ ကြောင်း။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သတ်မှတ်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုခိုင်မာစေခြင်း၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် ရှေ့ဆက်ဆောင်ရွက်မည့် Roadmap နှင့် Action Plan များကိုလည်း အလေးထား ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ ကဏ္ဍအလိုက် တာဝန်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းစွာသတ်မှတ်ပြီး အပြန်အလှန်ပူးပေါင်းညှိနှိုင်းဆောင် ရွက်ကြရန်လည်းတိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် နျူကလီးယားစွမ်းအင်နှင့် နည်းပညာများကို အသုံးချရာတွင် နိုင်ငံအတွက် အကျိုးရှိစေရေး၊ ပြည်သူများအတွက် အကျိုးရှိစေရေးနှင့် ဘေးကင်းလုံခြုံ စိတ်ချရစွာအသုံးချနိုင်ရေးကို အခြေခံပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း။
ယနေ့အစည်းအဝေးသည် မိမိတို့ ဦးဆောင်ကော်မတီ၏ ပထမဆုံးအစည်းအဝေးဖြစ်သဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့်အချက်များကို သက်ဆိုင်ရာဌာနများက ဆွေးနွေးညှိနှိုင်းတင်ပြကြရန် ပြောကြားသည်။
ထို့ပြင် အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က နျူကလီးယားစွမ်းအင်လုပ်ငန်း အကောင်အထည် ဖော်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများက ဆပ်ကော်မတီများအလိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ယနေ့အမျိုးသားအဆင့်နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး၌ သက်ဆိုင်ရာဌာနများမှ အလေးအနက်ထား ဆွေးနွေးသွားကြသည်မှာ ကောင်းမွန်မှုရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းများကိုလည်း နားလည်သဘောပေါက် ကြပြီးဖြစ်သည်ဟု ယူဆပါကြောင်း၊ နျူကလီးယား စွမ်းအင်အစီအစဉ်၏အခြေခံသည် အမျိုးသားအကျိုး စီးပွားဖြစ်ရမည်ဖြစ်ပြီး မည်သည့်နိုင်ငံ၏ နည်းပညာ၊ မည်သည့် နိုင်ငံတကာမိတ်ဖက်နှင့် ပူးပေါင်းသည် ဖြစ်စေ မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အဓိကထားသုံးသပ်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ၏ နျူကလီးယား စွမ်းအင်ဖွံ့ဖြိုးရေး ခရီးစဉ်သည် လက်ရှိအခြေအနေအရ အခြားနိုင်ငံများ၏ အတွေ့အကြုံများကိုလေ့လာရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ အခြေအနေများနှင့် မကိုက်ညီသည့်အရာများကိုလည်း နားလည်ထားရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်သဖြင့် National Nuclear Infrastructure Development ကို တာဝန်ပေးအပ်ထားသည့် ဝန်ကြီးဌာနများမှ ဆိုင်ရာတာဝန်များကိုအဆင့်လိုက် အကောင်အထည် ဖော်သွားရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးမှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးဆောင်ကော်မတီ၊ ပညာရှင်များနှင့် နိုင်ငံတကာမိတ်ဖက်များ အားလုံးအနေဖြင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းညှိနှိုင်းပြီး သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အချိန်မီ၊ အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
- Log in to post comments