ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု
နေပြည်တော် ဩဂုတ် ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ရောက်ရှိကြရာ ရှရှားနိုင်ငံအစိုးရမှတာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှဦးဆောင်၍ လွမ်းသူပန်းခွေအားသယ်ဆောင်ပြီး နိုင်ငံတော်သမ္မတက အညတရ စစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ ၁ မိနစ် ငြိမ်သက်အလေးပြုကြသည်။ ထိုသို့လွမ်းသူပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအားတီးမှုတ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
- Log in to post comments