Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်နိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက် ဒေသစံတော်ချိန်နံနက် ၁၀ နာရီတွင် ဒူးမားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် ဒူးမားလွှတ်တော်အဆောက်အဦ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ၊ နှင့် လွှတ်တော်ကော်မတီများမှ တာဝန်ရှိ သူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် ဒူးမားလွှတ်တော်အဆောက်အဦသို့ ရောက်ရှိကြရာ ဒူးမားလွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ယင်းနောက် တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံဥပဒေပြုရေးမဏ္ဍိုင်များဖြစ်သည့် လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်မှုများမှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုများ‌ဆောင်ရွက်ရာတွင် သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ပြည်တွင်းရေးမစွက်ဖက်မှုများကို အခြေခံပြီးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွှတ်တော်များအကြား အပြန်အလှန် လေ့လာရေးခရီးစဉ်များဆောင်ရွက်၍ အတွေ့အကြုံများဖလှယ်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ရားမျှတပြီးသိက္ခာရှိသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်‌များပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့်အစိုးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်းအေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှ ‌ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရမှု အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုများပိုမိုခိုင်မာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတက ဒူးမားလွှတ်တော်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။